ဘာစီလိုနာ ဘာဖြစ်သွားတာလဲ (ဆောင်းပါး)

(မိုးညီထက်နိုင်)

ဘာစီလိုနာဆိုတာ လာလီဂါ ၂၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၅ ကြိမ်တောင် ဆွတ်ခူးထားတဲ့ ဥရောပရဲ့ အကြီးဆုံး ဘောလုံး အသင်းတွေထဲက တစ်သင်းပါ။ အောင်မြင်မှုတွေ အများအပြားရရှိထားသလို တမူထူးခြားတဲ့ ကစားဟန်နဲ့ ကမ္ဘာ့ဘောလုံး လောကကို ဆန်းသစ်ပေးခဲ့တဲ့ အသင်းဆိုလည်း မမှားပါဘူး။ သူတို့ရဲ့ တီကီတာကာဟာ ပြီးခဲ့ တဲ့ ဆယ်စုနှစ်အတွင်းမှာ လူပြောအများဆုံး စကားလုံးတစ်လုံးဖြစ်ခဲ့ပြီး လူသူလေးစား ကြောက်ရွံ့ခံခဲ့ရတဲ့အ အသင်းလည်းဖြစ်သလို တခြားကမ္ဘာကလာတဲ့အသင်းတစ်သင်းရယ်လို့လည်း နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့ပါ တယ်။

ဒါပေမဲ့ အဲဒီ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ပြဿနာတွေထဲ တဖြည်းဖြည်း နစ်လာခဲ့တယ်။ အသင်းရဲ့ စီမံ ခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးပြဿနာတွေဟာ အသင်းရဲ့ တိုးတက်မှုကို ဆွဲချနေခဲ့ပြီး အဲဒီလိုနဲ့ ဒီအသင်းဟာ တဖြည်း ဖြည်း တခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတဲ့အသင်းတစ်သင်းဖြစ်လာတယ်။ ခြေစွမ်းပိုင်းမှာတင်မက အသင်းတည်ဆောက်မှုပိုင်း၊ ပုံရိပ်ပိုင်းမှာပါ တခြားအသင်းတွေနဲ့ အသည်းအသန် ယှဉ်ပြိုင်လာနေရတယ်။ အဲဒါ တွေက ဘာကြောင့်များလဲ။

ဒီဆောင်းပါးမှာ အဲဒီအချက်တွေကို ခြေရာခံကြည့်မှာဖြစ်ပါတယ်။

ပြဿနာတွေ စဖြစ်စေခဲ့တဲ့ စမှတ်ကနေ စပြီး တောက်လျှောက်လိုက်လာမှာဖြစ်လို့ ဆောင်းပါးက အနည်းငယ် ရှည်ကောင်း ရှည်နိုင်ပါတယ်။ စိတ်၀င်စားဖို့ ကောင်းမယ်လို့တော့ အသေအချာ ပြောလို့ရမှာပါ။

ပထမဆုံးကတော့ ဘာစီလိုနာဟာ ပုံရိပ်ကြီးမားတဲ့အသင်းတစ်သင်းကို တည်ဆောက်ပြခဲ့တာပါပဲ။ အဲဒီအသင်း မှာ MSN မက်ဆီ ဆွာရက်စ် နေမာ ဆိုတဲ့ တိုက်စစ်အတွဲဟာ တကယ့်ကို ခြောက်ခြားစရာ အတွဲအဖက်ပါ။ သူ တို့ကို ထိပ်ထိပ်ကြဲကစားသမားတွေက ၀န်းရံလို့ထားပါတယ်။ ပြဿနာတစ်ခုကတော့ အဲဒီလို ပုံရိပ်ကြီးတဲ့အ သင်းတစ်သင်းအတွက် ကုန်ကျစရိတ်၊ လစာတွေကလည်း တကယ့်ကို ကြီးမားလွန်းလှပါတယ်။

ပြဿနာတွေရဲ့ အစက နေမာရဲ့ ထွက်ခွါမှုမှာ အခြေတည်ပါတယ်။ နေမာဟာ အဲဒီအချိန်မှာ အသင်းနဲ့ ယူရို သန်း ၂၀၀ တန် လျော်ကြေးစာချုပ်ရှိပါတယ်။ ဒါကို ဘယ်သူမှ ပေးလိမ့်မယ်လို့ ဘာကာဘုတ်အဖွဲ့က မယူဆ ထားခဲ့ပါဘူး။ သို့သော် ပီအက်စ်ဂျီက အဲဒီစျေးကို ပေးခဲ့လို့ နေမာကို လက်လွှတ်လိုက်ရပါတယ်။ နေမာကိုယ် တိုင်က အသင်းမှာ မနေချင်တော့တဲ့ အကြောင်းလည်း ပါနေမှာ အမှန်ပါ။

နေမာကို ဆုံးရှုံးလိုက်ရတဲ့နောက်မှာတော့ သူတို့ရဲ့ အဓိက တိုက်စစ်အတွဲအဖက်ထဲက တစ်ဦးကို ဆုံးရှုံးလိုက်ရ သလို ပုံရိပ်ကြီးတဲ့ကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရတာလည်းဖြစ်တာကြောင့် ဘာကာတို့ဟာ အလန့်တ ကြားဖြစ်သွားပုံရပါတယ်။ ဒါနဲ့ပဲ အစားထိုးဖို့အတွက် အော့စမန် ဒမ်ဘီလီကို စျေးကြီးပေးခေါ်ယူလိုက်ပါတယ်။ အဲဒီကစားသမားက ဘာကာဆီမရောက်ခင် အထိတော့ အဟုတ်ပါ။ သို့သော် ပေါင် သန်း ၁၂၀ နီးပါးထိ စုစု ပေါင်း ကုန်ကျတဲ့ သူ့ကို ခေါ်ယူလိုက်မှုဟာ အကျိုးပေးမပေးကိုတော့ ဘာစီလိုနာ ပရိသတ်တွေ မျက်မြင်ကိုယ် တွေ့ပါပဲ။ စရောက်လာတဲ့ အချိန်လေးမှာတင် ၄ လအနားယူရတာနဲ့ စပါတော့တယ်။ တကယ်တော့ သူ့ရဲ့ စျေး က ပေးရတဲ့ ပမာဏရဲ့ တ၀က်လောက်သာ တန်ခဲ့တာပါ။

အဲဒီနောက် ကော်တင်ညိုကို ခေါ်ပါတယ်။ ပေါင် ၁၀၅ သန်း ကနဦးကျပေမဲ့ ၁၄၅ သန်း စုစုပေါင်း ကုန်ကျသွား ပါတယ်။ သို့သော် အဲဒီနှစ်မှာ ရိုးမားတို့က အိမ်ကွင်းမှာ Comeback လုပ်ပြသွားလို့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရပါတယ်။ အဲဒီနောက် အသင်းမှာ ၄၉ ကြိမ်သာကစားရသေးတဲ့ အမ်တီတီကို အကုန်ကျကြီးကြီး နဲ့ စာချုပ် သက်တမ်းတိုးလိုက်ပြန်ပါတယ်။

၂၀၁၈ နွေမှာတော့ လန်းဂ်လတ်၊ အာသာ၊ ဗီဒယ်၊ မယ်ကွန်၊ တိုဒီဘိုတို့ကို ဆက်တိုက်ခေါ်ယူခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အင်နီယေစတာကတော့ ထွက်ခွါသွားခဲ့ပါတယ်။ အင်နီယေစတာနဲ့အတူ ဒယ်လိုဖူ၊ ဒစ်ဂ်နီ၊ အလက်ဆစ် ဗီဒယ်၊ မီနာ၊ မာလွန်၊ မူနီအာ၊ ပေါ်လင်ညို၊ အယ်ဆာကာတို့ကိုပါ ဆုံးရှုံးလိုက်ရ ပါတယ်။

မေလ ၂၀၁၉ မှာ လီဗာပူးကြောင့် ချန်ပီယံကနေ ပြုတ်ခဲ့ရပြန်ပါတယ်။ အဲဒီနောက် ဇူလိုင်လ မှာတော့ စျေးကြီး ပေးခေါ်ထားတဲ့ ကော်တင်ညိုကို ဘိုင်ယန်ဆီ အငှားချလိုက်ရပြီး ဂရစ်မန်းကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူခဲ့ သလို ဖရန်ကီ ဒီဂျောင်ကိုလည်း ပေါင် ၆၇ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။

ဇန်နဝါရီမှာတော့ လာလီဂါသရဖူအတွက် ယှဉ်ပြိုင်နေဆဲကာလမှာပဲ နည်းပြ ဗဲလ်ဗာဒီကို ထုတ်ပစ်လိုက်ပါ တယ်။ ရလဒ်တွေအပေါ် မကျေနပ်လို့ ထုတ်တာက မဆန်းပေမဲ့ ဘာအောင်မြင်မှုမှ မရဖူးတဲ့ နည်းပြ ဆပ်တန် ကို အစားထိုးလိုက်တာက ထူးဆန်းတဲ့ကိစ္စဖြစ်သွားခဲ့ပါတော့တယ်။ အသင်းမှာ ဒဏ်ရာရကစားသမားများနေ တဲ့အတွက် တိုက်စစ်မှူးမလုံလောက်ခဲ့လို့ လာလီဂါရဲ့အရေးပေါ် ပရိုတိုကောကို သုံးပြီး ဘရစ်ဝိတ်ကို ခေါ်ယူခဲ့ ရပါသေးတယ်။ သို့သော် သူ့ကို ခေါ်ယူမှုက တကယ်တမ်း အသုံးမ၀င်ခဲ့ပါဘူး။ သူ့ကို ခေါ်ပြီး တပတ်အကြာမှာ ကိုဗစ်ကြောင့် ရာသီကို နားလိုက်ရလို့ပါပဲ။ ရာသီကုန်ခါနီးမှာတော့ ဆွာရက်ဇ် ဒဏ်ရာက ပြန်လာနိုင်ခဲ့ပါတယ်။

ကိုဗစ်ဟာ အသင်းတိုင်းနဲ့ နယ်ပယ်တိုင်းကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့ပါတယ်။ အသင်းတိုင်း အလူးအလဲ ခံခဲ့ရတာပါ။ အဲဒီအထဲမှာ လစာများတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကြီးတွေကတော့ ထိပ်ဆုံး ကပါပဲ။ အထူးသဖြင့် ယခင်ကာလတွေတုန်းက များပြားလှတဲ့ ကွင်း၀င်ကြေးတွေကြောင့် ကစားသမားလစာ စရိတ်ကာမိနေတဲ့ အသင်းတွေဟာ ကွင်းပိတ်ကစားရတဲ့အချိန်မှာတော့ ဘယ်လိုမှ မခံနိုင်တော့ပါဘူး။ ဒါနဲ့ပဲ အသင်းက တောင်းဆိုတဲ့အတွက် လစာလျော့ယူရကြောင်း မက်ဆီကိုယ်တိုင် ထုတ်ပြောလာပါတော့တယ်။ ကစားသမားတွေဟာ လစာ ၇၀% အထိ အဖြတ်ခံခဲ့ရပါတယ်။

၂၀၂၀ ဇွန်လမှာတော့ နောက်ထပ် ထူးဆန်းတဲ့ ကိစ္စတစ်ခုကို ဘာကာ ဘုတ်အဖွဲ့လုပ်ပြန်ပါတယ်။ အဲဒါက တော့ အသင်းမှာ အခြေကျစပြုလာတဲ့ အာသာကို ဂျူဗင်တပ်စ်က ယာနစ်နဲ့ လဲပစ်လိုက်တာပါ။ လစာလည်း မတိမ်းအယိမ်းဖြစ်တာကြောင့် ဘာအတွက် လဲပစ်သလဲဆိုတာ တွေးရခက်ခဲ့ပြီး ယာနစ်နဲ့နေရာတူကစားမယ့် ဘက်စ်ကွက်ရော၊ ဒီဂျောင်ရော ရှိနေပြီးသားဖြစ်နေခဲ့တာကိုလည်း အသင်းက ထည့်မတွေးခဲ့ပါဘူး။

အဲဒီကာလမှာပဲ အာဒါတူရန် အသင်းကနေ အလွတ်နဲ့ ထွက်ခွါသွားခဲ့ပါတယ်။

၂၀၂၀ ဇူလိုင်မှာတော့ လာလီဂါဆုဖလားကို ရီးရဲလ်တို့က ရယူသွားခဲ့တဲ့အတွက် ဆပ်တန်ကို ခန့်အပ်လိုက်တာ ဟာ အလုပ်မဖြစ်ခဲ့ဘူးဆိုတာကို ပြနေခဲ့ပါတယ်။ အဲဒီနည်းပြဟာ မက်ဆီ-ဆွာရက်ဇ်တို့အတွဲနဲ့ ဂရစ်မန်းအစေး မကပ်တာကို မဖြေရှင်းပေးနိုင်ခဲ့တာကြောင့် ဂရစ်မန်းရဲ့ လုပ်နိုင်စွမ်းအပြည့်အ၀ကို မရခဲ့ပါဘူး။

သြဂုတ် ၂၀၂၀ မှာ ပြန်ကစားနေတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအရ ဘိုင်ယန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီပွဲမှာ ဘာကာ တို့ဟာ အရှက်တကွဲ အကျိုးနည်းရလဒ်ဖြစ်တဲ့ ၈-၂ နဲ့ရှုံးခဲ့ပြီး သူတို့အငှားချထားတဲ့ကစားသမား ကော်တင်ညို က လူစား၀င်လာကာ ၂ ဂိုးသွင်းယူသွားတာက အနာပေါ် ဆားသိပ်ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ နယ်သာလန်၊ အဲဗာတန်၊ ဆောက်သမ်တန်တို့ရဲ့နည်းပြဟောင်းနဲ့ ဘာကာ ကစားသမားဟောင်း ရော်နယ်ကိုးမန်းကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သို့သော် အဲဗာတန်၊ ဆောက်သမ် တန်တို့လို အသင်းတွေကို ကိုင်လာတဲ့ နည်းပြက ဘာစီလိုနာကို ဦးဆောင်နိုင်ပါ့မလားဆိုတာကို ဘုတ်အဖွဲ့က သေချာမတွက်ချက်ခဲ့ပြန်ပါဘူး။ အသင်းဂန္ထ၀င်ကို နည်းပြခန့်တဲ့ လမ်းပဲ ဆက်လိုက်ခဲ့ပါတယ်။

၂၀၂၀ စက်တင်ဘာမှာ မက်ဆီအသင်းကနေ ထွက်တော့မယ့် ပြဿနာတွေ ပြီးဆုံးသွားခဲ့ပေမဲ့ ကစားသမားက တော့ မကျေနပ်ခဲ့ပါဘူး။ ထွက်ချင်ပေမဲ့ များပြားလွန်းတဲ့ လျော်ကြေးကြောင့် ထွက်မရဖြစ်ခဲ့ရတဲ့အကြောင်း က စားသမားကိုယ်တိုင်က ထုတ်ပြောခဲ့ပါတယ်။ မက်ဆီလို အသင်းကနေ မွေးထုတ်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်နဲ့ အသင်းဂန္ထ၀င်ကိုယ်တိုင်က အသင်းကနေ ထွက်ချင်နေခဲ့တာဟာ ဘာစီ လိုနာ အုပ်ချုပ်ရေးနဲ့ စီမံရေးပိုင်းမှာ ဖြစ်နေတဲ့ ယိုယွင်းမှုတွေကို ပြနေခဲ့ပါပြီ။

မက်ဆီကတော့ ထွက်မသွားခဲ့ပေမဲ့ သူ့ရဲ့ တွဲဖက် ဆွာရက်ဇ်ကတော့ ထွက်သွားခဲ့ပါတယ်။ တခြားကိုမဟုတ်ပါ ဘူး။ လာလီဂါ ပြိုင်ဘက် အက်သလက်တီကို ဆီကိုပါ။ သူနဲ့ အတူ ဆီမီဒိုနဲ့ ရာကီတစ်တို့လည်း ထွက်ခွါသွားကြ ပါတယ်။

အောက်တိုဘာလမှာတော့ မက်ဆီပြဿနာကိစ္စ ဂယက်အပြင် အသင်းရဲ့ အထွေထွေ စီမံခန့်ခွဲမှုအလွဲတွေ ကြောင့် ဘာတိုမျူနဲ့တကွ ဘုတ်တဖွဲ့လုံး နှုတ်ထွက်သွားပါတော့တယ်။ အဲဒီနောက် ၂၀၂၁ မတ်လမှာ လာပေါ်တာ ပြန်ရွေးခံရပြီး မက်ဆီကို အသင်းမှာ ဆက်ရှိနေစေရေးလုပ်မယ်လို့ ကတိပြုခဲ့ပါတယ်။ သို့သော် အသင်းက တော့ ပီအက်စ်ဂျီတို့ကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါပြီ။

၂၀၂၁ ဧပြီမှာတော့ အသင်းဟာ စူပါလိဂ်ဖြစ်မြောက်ရေး ပြဿနာတွေထဲကို ရီးရဲလ်တို့နဲ့အတူ ပါ၀င်ခဲ့လို အကြီးအကျယ် ပြဿနာတွေ ရင်ဆိုင်ခဲ့ရ၊ ဝေဖန်ခံခဲ့ရပါသေးတယ်။ လာလီဂါ၊ ယူအီးအက်ဖ်အေတို့က ပြင်း ပြင်းထန်ထန် သတိပေးမှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး အဲဒီအစီအစဉ် မပျက်သုန်းတောင် ကာလအကန့်အသတ်မရှိ ရွှေ့ ဆိုင်းသွားခဲ့ရပါတယ်။ သို့သော် အသင်းရဲ့ မျက်နှာကတော့ မလှခဲ့တာ အမှန်ပါ။

ဇွန်လမှာ အဂွီရို၊ ဒီပိုင်းနဲ့ အီရစ်ဂါစီယာတို့ အလွတ်နဲ့ရောက်လာကြပါတယ်။ သို့သော် လစာတွေကတော့ မနည်းလှပါဘူး။ အသင်းက ရှိသင့်တဲ့ လစာပမာဏထက် ကျော်လွန်လို့ သွားနေခဲ့ကာ အရေးပေါ် အခြေအနေ ပြနေခဲ့ပါပြီ။

အဲဒီအချိန်မှာ အသင်းရဲ့ အဓိကပုံရိပ်ကစားသမားဖြစ်တဲ့ မက်ဆီ စာချုပ်ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းက စာချုပ်သစ်တော့ ကမ်းလှမ်းခဲ့ပါတယ်။ သို့သော် လစာကတော့ အတော်ကြီးကို လျော့ယူရမှာပါ။ ဒီနေရာမှာ မက်ဆီအနေနဲ့ အသင်းကို ပြန်ကြည့်သင့်တယ်လို့ ဆိုခဲ့သူတွေရှိခဲ့ပေမဲ့ ရှေ့မှာ ကစားသမားသစ် ၃ ဦးကို မဆင်မခြင် စာချုပ်ချုပ် လစာတွေ ပေးထားပြီးမှ မက်ဆီကို လစာလျော့ယူဖို့ ပြောတာကတော့ ရှေ့ နောက်မညီလှတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ မက်ဆီဘက်ကတော့ လက်ခံပေးဖို့ လိုလားခဲ့ပါသေးတယ်။

သို့သော် အသင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေက ကြီးလွန်းလာခဲ့ပြီး အခြေအနေက ဆိုးရွားသွားခဲ့တာ မက်ဆီ အနေနဲ့ အသင်းမှာ အခမဲ့ကစားပေးမယ်ဆိုရင်တောင် မလုံလောက်တော့တဲ့ အခြေအနေကို ဆိုက်ရောက် သွားပါတော့တယ်။ ဒါနဲ့ပဲ မက်ဆီကို အလွတ်နဲ့ ထွက်ခွါခွင့်ပြုလိုက်ရပါတော့တယ်။ ဘာစီလိုနာအသင်းသမိုင်း တလျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်၊ အသင်းမှာ ပုံရိပ်အကြီးဆုံးကစားသမား၊ တ နည်းအားဖြင့် အသင်းရဲ့ ပြယုဂ်ကစားသမားကို ဆုံးရှုံးခဲ့ရပြီဖြစ်သလို တချိန်က ဥရောပကို စိုးမိုးခဲ့တဲ့ MSN တိုက်စစ်အတွဲရဲ့ နောက်ဆုံးတစ်ယောက် ဘာစီလိုနာကနေ ထွက်ခွါသွားခဲ့တာဖြစ်ကာ ခေတ်တစ်ခုရဲ့ နိဂုံး လည်းဖြစ်သွားခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်က လစာမယူဘဲ ကစားပေးမယ်ဆိုတာတောင် မရနိုင်တော့ လောက်အောင် စီမံခန့်ခွဲမှုလွဲခဲ့တဲ့ ဘာစီလိုနာဘုတ်အဖွဲ့ရဲ့ ကာလရှည် လွဲမှားမှုတွေကတော့ သမိုင်း၀င်ပါပဲ။

မက်ဆီထွက်သွားပေးခြင်းကလည်း ပြဿနာတွေကို အပြည့်အ၀ မပြေလည်သွားစေသေးဘဲ လစာပိုငွေ တွေပြနေပြီး အသင်းကို ပြိုင်ပွဲ၀င်မှတ်ပုံတင်ရေးမှာ အဆင်မပြေဖြစ်နေစေတာကြောင့် သြဂုတ် ၂၀၂၁ မှာ ပီကေးဟာ လစာလျော့ယူပေးခဲ့ရပါတယ်။ ဒီတော့မှ အဂွီရိုအပါအ၀င်ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာပါ။

ယာနစ်ကိုလည်း အငှားချလိုက်ရသလို၊ ငွေဖော်ဖို့အတွက် မိုရီဘာကိုလည်း လိုက်ပ်ဇစ်ဆီ ရောင်းလိုက်ရပါ တယ်။ အဲဒီအပြင် လစာငွေ ယူရိုသန်း ၄၀ လောက်လျော့ကျရေးအတွက် လာလီဂါပြိုင်ဘက် အက်သလက်တီ ကိုဆီ ဂရစ်မန်းကို အငှားချခဲ့ရပြန်ပါတယ်။ ဂရစ်မန်းနေရာမှာ အစားထိုးဖို့ လုခ် ဒီဂျောင် ရောက်လာခဲ့ပါတယ်။

အောက်တိုဘာလမှာတော့ ချန်ပီယံလိဂ်အုပ်စုကနေ ထွက်ခဲ့ရပြီး ကိုးမန်းလည်း ပြုတ်သွားခဲ့ပါတော့တယ်။ ကိုးမန်းနေရာမှာ ဘာစီလိုနာ ဘီ အသင်းနည်းပြကို ခေတ္တကိုင်တွယ်စေခဲ့ပါသေးတယ်။ ကာလအနည်းငယ် ရောက်မှ ဇာဗီကို နည်းပြအဖြစ် ကြေညာနိုင်ခဲ့တာပါ။

ဇာဗီလက်ထက်မှာတော့ ဘက်ဂျက်ချွေတာရေးအရ ဝုဗ်က အဒါမာ ထရာအိုရေးကို အငှား၊ အာဆင်နယ်က အူဘာမီယန်းကို အလွတ်နဲ့ ခေါ်ယူရတာမျိုးတွေလုပ်လာခဲ့ရပါပြီ။ ဒီလို အဖက်ဖက်က စီမံခန့်ခွဲမှုပြဿနာတွေနဲ့ ဘဏ္ဍာရေးပြဿနာတွေတက်နေတဲ့အသင်းကို ဇာဗီ အတတ်နိုင်ဆုံး ဆွဲတင်ဖို့လုပ်ခဲ့ပေမဲ့ လာလီဂါ ဒုတိယနေ ရာနဲ့ ကျေနပ်လိုက်ရပြီး ယူရိုပါလိဂ်မှာလည်း ဖရန်ဖတ်တို့ကြောင့် ကွာတားအထိပဲ ရောက်ရှိခဲ့ပါတော့တယ်။ အဲ ဒီအပြင် ကော်တင်ညိုလို သန်း ၁၄၀ ကျော်ပေးခေါ်ထားရတဲ့ကစားသမားကို ဆယ်ပုံတစ်ပုံစျေးနဲ့ ပြန်လက် လွှတ်လိုက်ရတာကလည်း များစွာ အထိနာစေတဲ့အချက်တွေပါပဲ။

ဒီလို ကာလရှည် လုပ်ခဲ့တဲ့ စီမံမှုအမှားတွေ၊ မတန်တဆစျေးပေးပြီး ခေါ်ယူခဲ့ပြီး အလုပ်မဖြစ်ခဲ့တဲ့ မှားယွင်းတဲ့ ခေါ်ယူမှုတွေ၊ အ၀ယ်စျေးကြီးသလောက် အထွက်မှာ စျေးနည်းနည်းပြန်ရတာတွေ၊ အလွတ်နဲ့ထွက်ကုန်တာ တွေ၊ မက်ဆီလို ကစားသမားကို ပြတ်ပြတ်သားသား မရရအောင် ဆက် ခေါ်ထားမယ်၊ ဒါမှမဟုတ် ကြေးအများ ကြီးရလောက်ကတည်းက ရောင်းထုတ်မယ် တခုခု မဆုံးဖြတ်နိုင်ခဲ့တာမျိုးလို ဆုံးဖြတ်ချက်မပြတ်သားမှုတွေက အသင်းကို အထွေထွေကျဆင်းမှုတွေဖြစ်စေပြီး ကစားသမား အင်အားလည်း လျော့နည်းလာသလို၊ ပုံရိပ်လည်း ကျဆင်း၊ ရလဒ်တွေလည်း ကျဆင်းလာစေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ တချိန်က ပြိုင်ဘက်ကင်းတဲ့ တခြားကမ္ဘာက အသင်းကြီးဟာ ကြွေးမြီ ၁ ဘီလီယံကျော်နဲ့ ပြဿနာပေါင်းများစွာကို ရင်ဆိုင် ရုန်းကန်နေတာ ကို ရင်နာစရာတွေ့မြင်ရတော့မှာဖြစ်ပါတယ်။

အခုအခါမှာ ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ အရင်က လုပ်မှားကိုင်မှားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားနေရပြီး တစ်ချို့သော အားထုတ်မှုတွေကဆိုရင် လူပြောစရာဖြစ်လာတဲ့အထိပါပဲ။ ကစားသမားတွေကို ဥပဒေနဲ့ပြပြီး လစာအ တင်းလျှော့ခိုင်းနေရတာ၊ ကစားသမားသစ်တွေ မှတ်ပုံတင်နိုင်ရေးအတွက် အသင်းရဲ့ Rights တွေကို တလွှာပြီးတလွှာ ထုတ် ရောင်းနေရတာတွေအပြင် ကာလရှည် ပြဿနာတစ်ရပ်ဖြစ်လာတဲ့ ဒီဂျောင်ရဲ့ကိစ္စကလည်း မပြီးပြတ်သေးပါဘူး။

ဒီဂျောင်ပြဿနာက လူပြောစရာဖြစ်နေပေမဲ့ တကယ်တမ်း ပိုစိုးရိမ်ဖို့ ကောင်းတာက အသင်းရဲ့ ရုပ်သံလွှင့်ခွင့်တွေ၊ အမှတ်တရ ပစ္စည်းထုတ်လုပ်ခွင့်တွေ စတဲ့ rights တွေကို ထုတ်ရောင်းနေရတဲ့ကိစ္စပါ။ ဒါဟာ လတ်တလော ငွေရေးကြေးရေး ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုပေမဲ့ အနာဂတ်မှာတော့ နှစ်စဉ်ဝင်ငွေလျော့ကျလာပြီး ကစားသမားလုပ်ခနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ ထပ်မံဖြစ်ပေါ်လာစေလောက်တဲ့ အန္တရာယ်ကြီးရှိနေပါပြီ။

ဆယ်စုနှစ်တစ်ခုစာ ဥရောပရဲ့အအောင်မြင်ဆုံးကလပ်အသင်းတစ်သင်းဖြစ်ခဲ့ဖူးတဲ့ ဒီအသင်းတောင် ဒီလို အခြေအနေမျိုးကို ဆိုက်ရောက်ရတယ်ဆိုတဲ့အချက်ဟာ ဘောလုံးကလပ်အသင်းတွေရဲ့ လောကမှာတော့ သတိပေးခေါင်းလောင်းသံတစ်ခုဖြစ်လာခဲ့ပြီး ဘာစီလိုနာရဲ့ဖြစ်အင်ဟာ အသင်းတွေအတွက် သမိုင်းဝင် သင်ခန်းစာတစ်ခု ဖြစ်လာတော့မှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: