ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်ခင်မှာ အသင်းရဲ့ ပရိသတ်တွေက အန်ကက်တီးယားဟာ လာမယ့်နွေမှာ အသင်းကနေ သေချာပေါက်ထွက်ခွာမယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို တောက်လျှောက်ငြင်းပယ်နေခဲ့ပြီး အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့ အန်ကက်တီယားကို အမ်းမရိတ်မှာ ဆက်ရှိနေဖို့ အာတီတာနဲ့ အီဒူးတို့က နားချနိုင်ခဲ့ပါတယ်။ အန်ကက်တီးယား အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဆိုတဲ့ သတင်းဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လာကာဇက်အစား ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ကက်တီးယားဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အန်ကက်တီးယားကို ခေါ်ယူဖို့ အသင်းအများအပြားက ကြိုးစားလာခဲ့ပေမယ့် အာတီတာနဲ့ အီဒူးတို့ဟာ အသင်းရဲ့ ပရော့ဂျက်တွေကို ကစားသမားဆီ ချပြပြီး အသင်းမှာ ဆက်နေဖို့ နားချနိုင်ခဲ့ပါတယ်။
ကျောနံပါတ် ၁၄ ကို ၀တ်ဆင်သူအသစ်ဖြစ်လာတဲ့ အန်ကက်တီးယားဟာ အသင်းမှာ ဆက်နေဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့လဲဆိုတာကို ခုလိုဖွင့်ဟလာခဲ့ပါတယ်။
“စာချုပ်တစ်ခုချုပ်ရမယ့် အချိန်ရောက်လာတဲ့အခါ အခွင့်အလမ်းတွေအားလုံးကို အဘက်ဘက်ကနေ တွေးပြီး ချိန်ဆရပါတယ်“
“စာချုပ်သစ်အတွက် စဉ်းစားဖို့ ရာသီကုန်ထိ ကျွန်တော်စောင့်နေချင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကမ်းလှမ်းမှုတွေအများကြီး ကျွန်တော်ရထားခဲ့ပါတယ်။ကျွန်တော့်အသင်း၊ မိသားစု၊မန်နေဂျာတွေနဲ့ အတူထိုင်ဆွေးနွေးခဲ့ပြီးနောက်မှာတော့ အာဆင်နယ်ဟာ အကောင်းဆုံးနေရာလို့ ခံစားမိခဲ့ပါတယ်“
“ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေမိပါတယ်“
“စာချုပ်အသစ်တစ်ခု ချုပ်ရတော့မယ်အချိန်၊ ကိုယ့်မှာလည်း အခွင့်အလမ်းတွေ အများကြီးရှိနေတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အေးဂျင့်၊မိသားစု၀င်တွေနဲ့ အတူထိုင်ပြီး ဒါတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်။“
“ဒါပေမယ့် အာဆင်နယ်ဟာ ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။အသင်းကို ကျွန်တော် အကောင်းဆုံး ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး အသင်းရဲ့ ကြီးကျယ်တဲ့ projectရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေမှာပါ။“
အန်ကက်တီးယားကို အသင်းရဲ့ ပရိသတ်အချို့ကတော့ သိပ်သဘောကျမှာ မဟုတ်ပါဘူး။ဒါပေမယ့် သူဟာ အင်္ဂလန် ယူ၂၁ ရဲ့ စံချိန်တင် ဂိုးသွင်းရှင်ဆိုတာကို မေ့ထားလို့မဖြစ်ပါဘူး။ပြီးခဲ့တဲ့ရာသီနောက်ဆုံးပွဲစဉ်တွေမှာလည်း သူရဲ့ ခြေစွမ်းခြေစအချို့ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။
ဒီတော့ အန်ကက်တီးယားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ပဲ သတ်မှတ်ရမှာပါ။
Leave a Reply