အာဆင်နယ်အသင်းရဲ့ အမေရိကန်ခရီးစဉ်ကတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့အတူ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ Florida Cup ရဲ့နောက်ဆုံးပွဲစဉ်မှာ လန်ဒန်ဒါဘီချဲလ်ဆီးကို ၄ဂိုးပြတ်နဲ့ အနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်အပြီးမှာတော့ အာတီတာနဲ့ အာဆင်နယ်မီဒီယာတို့ရဲ့ အင်တာဗျူးကို အသင်းရဲ့ တရား၀င်၀က်ဘ်ဆိုက် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ဒီထဲကနေ အကြောင်းအရာအချို့ကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

အသင်းရဲ့ ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားနေသင့်ပြီလား
“ဒါပေါ့ဗျ၊ ဒါပေမယ့် ဒါက ချစ်ကြည်ရေးပွဲစဉ်တစ်ခုပါ။ ဒီပွဲစဉ်ကနေ အပြုသဘောဆောင်တဲ့အရာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ကစားပုံ၊ စိတ်ဓာတ်ပြင်းပျမျှတွေ၊ငါတို့က ဘယ်လိုအသင်းဆိုတာ ပြသနေတဲ့ပုံစံတွေပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒါက ခြေစမ်းပွဲတစ်ခုပါ။ ဘာမှ အများကြီး မှတ်ယူဖို့မရသေးပါဘူး။ကျွန်တော်တို့ ပိုကောင်းအောင် ကြိုးစားရမယ့်အရာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဒီလိုမျိုး အရှိန်အဟုန်တစ်ခုနဲ့ အစပြုတာဟာ၊ ခရီးစဉ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အဆုံးသတ်တာဟာ၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ဒီခရီးစဉ်ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးခဲ့သူတွေအားလုံး ပျော်ရွှင်ကျေနပ်အောင် လုပ်ပေးနိုင်တာဟာ ကောင်းပါတယ်။အခုက လန်ဒန်ကို ပြန်ရတော့မယ့်အချိန်ပါ။ရှေ့ကို ခြေလှမ်းတွေဆက်တိုးဖို့၊ တိုးတက်မှုတွေပြုလုပ်ဖို့ အတွက် အာရုံစိုက်ဖို့ အချိန်ပါပဲ။”
ကစားသမားတွေကို မြန်မြန်ဆန်ဆန်ခေါ်ယူနိုင်ခဲ့ခြင်းရဲ့ အရေးပါမှုအပေါ်
“ကစားသမားတွေကို မြန်မြန်ခေါ်နိုင်လေ ကောင်းလေပါပဲ ဘယ်နည်းပြကိုမေးမေး ဒီလိုပဲ ဖြေမှာပါ။ဘာလို့လဲဆိုတော့ ကစားသမားသစ်တွေကို အသင်းရဲ့ စည်းလုံးညီညွတ်မှုထဲ ပါ၀င်နိုင်အောင်၊တစ်ယောက်နဲ့တစ်ယောက် နားလည်လာအောင်၊အနားယူလို့ရအောင်နဲ့ အသင်းနဲ့ ရင်းနှီးမှုရအောင်ပေါ့။ ဂျေးဆုဟာ ကျွန်တော်တို့နဲ့အတူ သီတင်းပတ်အချို့ အတူရှိခဲ့တာဟာ ကြီးမားတဲ ခြားနားမှုတစ်ခုဖြစ်စေခဲ့ပါတယ် ”
ဒီပွဲရဲ့ရလဒ်ဟာ အသင်းရဲ့ အပြောင်းအရွှေ့ဗျူဟာတွေအပေါ် သက်ရောက်မှု ရှိနိုင်လား
“လုံး၀မရှိပါဘူး။ အများကြီး မမှတ်ယူထားပါနဲ့။ အပြုသဘောဆောင်တဲ့ အရာတွေ အများကြီးရှိခဲ့တယ်၊ ဒီထက်ပိုလုပ်နိုင်တဲ့ အရာတွေလည်း ရှိနေဆဲပါ၊ ဒီနေ့လုပ်ပြခဲ့တာထက် ပိုကောင်းအောင်ပေါ့။အသင်းတစ်သင်းအနေနဲ့ ဆက်ပြီး တိုးတက်ဖို့ ရှေ့ဆက်ရပါဦးမယ်”
ဇင်ချန်ကိုအပေါ်
“သူဟာ အရမ်းကို ကစားခွင့်ချင်နေတာ ကျွန်တော်သိခဲ့ပါတယ်။ အများဆုံး ၄၅မိနစ်ပဲ သူကစားခဲ့ရတာပါ။ဒါပေမယ့် သူဟာ သက်တောင့်သက်သာပဲ ကစားသွားတာကို ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။ ကျွန်တော်လိုချင်တဲ့ အရာအားလုံးကို သူနားလည်ပါတယ်။ process ကိုလည်း သူနားလည်ပြီး သူ့အတွက် အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်”
ဝီလီယံဆလီဘာအပေါ်
“သူကစားနေတဲ့ပုံစံ၊ အသင်းမှာ လိုက်လျောညီထွေဖြစ်လာတာနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ပဲ ပျော်ရွှင်ရပါတယ်။အသက်၂၁နှစ်အရွယ်မှာပဲ သူဟာ ရင့်ကျက်စပြုလာပြီး ဆက်လက် ရင့်ကျက်နေဆဲပါပဲ။ ကျွန်တော်တို့ သူကို ဆက်ပြီး တိုးတက်အောင် ကူညီပေးသွားမှာပါ၊ သူ့မှာကြီးကျယ်တဲ့ အနာဂတ်တစ်ခုရှိပါတယ်။ သူဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်နှင့်ခဲ့ပြီးပါပြီ၊ ပိုကောင်းလာဖို့ပဲ ကျွန်တော်တို့ သူ့ကို ကူညီရမှာပါ”
ဖေဘီယို ဗီအဲရာနဲ့ တိုမီယာဆုတို့ရဲ့ ကြံ့ခိုင်မှုအပေါ်
“တိုမီယာဆုက လေ့ကျင့်ရေးအစီအစဉ်အချို့ စလုပ်နိုင်ဖို့ နီးစပ်နေပါပြီ။နောက်အပတ်လောက်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ဖေဘီယိုကတော့ နည်းနည်းလောက်ပိုကြာပါဦးမယ်။သူနောက်ထပ်တစ်ပတ်လောက် အနားယူရဦးမယ်ထင်ပါတယ်။ဒါပေမယ့် သူအရမ်းကိုကြိုးစားနေပါတယ်။ သူအသင်းနဲ့အတူ ပွဲထွက်ဖို့ ကံမကောင်းသေးဘူးဖြစ်နေပါတယ်။ ဒါပေမယ့် သူကြံ့ခိုင်မှု ပြန်ရလာတော့မှာပါ။”
ဂျေးဆု အဆင်ပြေရဲ့လား
“ပထမပိုင်းမှာ သူဖျက်ထုတ်ခံလိုက်ရတယ်၊သူဆက်ပြီး ကစားဖို့ အရမ်းအဆင်မပြေဘူးထင်လို့ ကျွန်တော်လူစားလဲခဲ့တာပါ။ ဒီနေ့မှာ စွန့်စားမှုတွေ လုပ်ဖို့ မလိုဘူးလေ”
Leave a Reply