ရာသီကြို ချစ်ကြည်ရေး ပွဲစဥ်ဖြစ်ပေမယ့် လန်ဒန်ပြိုင်ဖက်တွေဖြစ်နေတာရော ၊ ရာသီသစ်အတွက် နှစ်သင်းစလုံးဟာ ပြင်းပြင်းထန်ထန်ပြင်ဆင်နေကြတာရောကြောင့် အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲစဥ်ရဲ့ လူစာရင်းဟာ ပရိတ်သတ်တွေအတွက် အားရစရာဖြစ်ခဲ့ပါတယ်။ ဂျေးဆူ ၊ ဇင်ချန်ကို အပါအဝင် ပရိတ်သတ်အကြိုက်နောက်တန်း ၃ ယောက်ကိုပါ တပြိုင်ထဲမြင်ခဲ့ရပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ရမ်းစ်ဒေးလ်လေပေါ်ဝဲပြီး ဖြတ်တင်ဘောကို လက်စွမ်းပြရှင်းထုတ်ရတာရယ် ၊ မောင့်ရဲ့ ကန်ချက်တိုင်ထိထွက်တာရယ်ကလွဲရင် ကစားကွက်အရရော ရလဒ်အရပါ အာဆင်နယ်က လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့နောက်တန်းကစားပုံဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဘယ်သူ့ကိုပွဲထုတ်မလဲလို့ ပရိတ်သတ်တွေ ဒွိဟဖြစ်နေခဲ့တဲ့အချိန်မှာ အာတီတာဟာ ဘန်ဝှိုက် ၊ ဆာလီဘာ ၊ ဂါဘရီရယ်တို့ ၃ ဦးစလုံးကို ပွဲထုတ်ခဲ့ပြီး မတူညီတဲ့ Function တွေနဲ့ ကစားစေခဲ့ပါတယ်။ အခု အခင်းအကျင်းအရ ဆာလီဘာက Ball Playing Defender ဆန်ပြီး ၊ ဝှိုက်ကတော့ တိုက်စစ်အထိကိုလိုက်ပါတာကိုတွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ ပါတေးနဲ့ ဆာလီဘာတို့က ပြန်ပြီး ကာပေးထားတာကိုတွေ့ရပါတယ်။
ပါတေးရဲ့ Ball Winning ဖြစ်မှုဟာ အသင်းအပေါ်များစွာအထောက်အကူပြပါတယ်။ ပိတ်နေတဲ့ပြိုင်ဖက် နောက်တန်းကို နေရာလွတ်ရှာတာ ၊ Long Pass တွေနဲ့ Side Change ပေးတာ စသည်ဖြင့် ခံစစ် ၊ တိုက်စစ် ၊ Transition အကုန်လုံးမှာ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
ရသွားတဲ့ ပထမဂိုးမှာတော့ ဂျေးဆူရဲ့ တည်ငြိမ်မှုကို အတိုင်းသားမြင်ရသလို ပရိတ်သတ်တွေအတွက်အားရစရာကောင်းလှပါတယ်။ ဒုတိယဂိုးကတော့ ပိုပြီးသဘောကျစရာပါပဲ။ ချဲလ်ဆီးဂိုးသမား မန်ဒီရဲ့ ပေးပို့မှုအမှားကနေ ထိချက်နဲနဲနဲ့ ပဲ သွင်းယူသွားခဲ့တာပါ။ ပထမပိုင်းမှာ အားနဲတာကတော့ ဆာကာပါပဲ။ ဘောလုံးအပျက်များနေသလို ဆုံးဖြတ်ချက်ချပုံတွေကလဲ အနဲငယ်လိုအပ်ချက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ လူကျွံအနေအထားကနေ တတိယဂိုးသွင်းယူခဲ့တဲ့အတွက် ဖြေဆည်စရာတော့ရှိခဲ့ပါတယ်။
လူငယ်တွေ ၊ အရံကစားသမားတွေဝင်လာပြီးနောက်မှာလည်း ဂန်းနားတို့ ပုံစံအရမ်းပျက်မသွားခဲ့ပဲ ချဲလ်ဆီးကို လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ ခြေစမ်းပွဲဆိုပေမယ့် ပွဲက ပြိုင်ဆိုင်မှုပြင်းခဲ့ပြီး အဝါကတ်တွေလဲထိခဲ့ပါတယ်။ လန်ဒန်ပြိုင်ဖက်ဟာ ပြိုင်ပွဲဆန်တဲ့ဖျက်ထုတ်မှုတွေလုပ်ခဲ့ရပြီး ကူလီဘာလီရဲ့ အန်ကတ်တီယားကို ဖျက်ထုတ်မှုဟာ သိသာတဲ့ ဥပမာပဲဖြစ်ပါတယ်။
နောက်ဆုံးဂိုးကတော့ ဆမ်ဘီလိုကွန်ဂါက ဆဲဒရစ်ရဲ့ဖြတ်တင်ဘောကို စိတ်ကူးစိတ်သန်းကောင်းစွာနဲ့ မန်ဒီမမှီနိုင်လောက်တဲ့နေရာကို ခေါင်းတိုက်သွင်းသွားခဲ့တာပါ။
အားရစရာအဖြစ်ပြောရရင်တော့ ပိုပြီးသေသပ်လာတဲ့ Pressing တွေ၊ တွဲလုံးတွေနဲ့ ၊ Passing Lane ဖွင့်တာတွေသိပ်ကောင်းခဲ့တာပဲဖြစ်ပါတယ်။ လိုအပ်ချက်အနေနဲ့ကတော့ အင်အားသုံးကစားရတဲ့အခြေအနေနဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ ကစားသမားတွေ ခြေစွမ်းယိမ်းယိုင်တာမျိုးရှိလာနိုင်တာ စတာတွေပဲဖြစ်ပါတယ်။
ခြေစမ်းပွဲဖြစ်တာကြောင့် ရလဒ်ကို ပျော်ရွင်ကျေနပ်ဖို့ထက် ကစားကွက်ပုံပေါ်လာတာကို ပိုပြီးကျေနပ်ရမယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းဟာ ပိုမိုသပ်ရပ် ကျစ်လစ်တဲ့အခြေအနေကို ဦးတည်နေပါတယ်။
Leave a Reply