ဒီနှစ်ဘောလုံးရာသီဥရောပဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာမယ့် မြောက်လန်ဒန်ဒါဘီကတော့ ၄၈ နာရီအတွင်းမှာပဲကစားကြတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အလွန်အရေးကြီးသလို ပြိုင်ဆိုင်မှု ပြင်းထန်အမြဲပြင်းထန်လေ့ရှိတဲ့ အာဆင်နယ်နဲ့တော့တင်ဟမ် ဟော့စပါးတို့ရဲ့ ပွဲစဉ်မတိုင်မီမှာ အာရွန်ရမ်ဒေးလ်ဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။
“ဒါက ပျော်စရာကောင်းမှာပါ” လို့ ရမ်ဒေးလ် က Sky Sports (Standard) ကိုပြောခဲ့ပါတယ်။
“ဒီလို ပွဲစဉ်မျိုးကို ကစားသမားတစ်ယောက်က စိတ်၀င်စားမနေဘူး၊စိတ်လှုပ်ရှားမနေဘူးဆိုရင်တော့ ဘောလုံးဟာ သူ့ရဲ့ အသက်မွေး၀မ်းကျောင်းအလုပ်မဟုတ်လို့ နေမှာပါ”
“နှစ်တွေအတော်ကြာတဲ့အထိ အသင်းနှစ်သင်းနဲ့ ပရိသတ်တွေကရော တစ်နိုင်ငံလုံးက ဘောလုံးပရိသတ်တွေကပါ ဒီပွဲစဉ်အကြောင်းကို အမှတ်နေရကြမှာပါ။”
“အာဆင်နယ်ကစားသမားသစ်၊ အသင်းပရိသတ်အသစ်တစ်ယောက်အနေနဲ့ ကျွန်တော်ပြောနိုင်တာက ဒီနှစ်တွေထဲမှာ ဒီမြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ အသင်းနှစ်သင်းစလုံးအတွက် အကြီးမားဆုံး ယှဉ်ပြိုင်မှုပါပဲ”
ရာသီကုန်ဆုံးဖို့ သုံးပွဲအကျန်မှာ အာဆင်နယ်ဟာ စပါးကို လေးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကနေ ဦးဆောင်ထားပါတယ်။တကယ်လို့ မြန်မာစံတော်ချိန် သောကြာနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားရမယ့် စပါးနဲ့ ပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် အာဆင်နယ်ဟာ ရာသီမကုန်ခင်မှာပဲ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာကို အပိုင်သိမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲဟာ စပါးအတွက် ဖိအားပိုများမယ့် ပွဲစဉ်ဆိုပေမယ့် သူတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် အာတီတာတို့အတွက်လည်း တကယ်ကို ခက်ခဲမယ့် ပွဲကောင်းတစ်ပွဲကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စပါးဟာ အန်ဖီးလ်မှာ ပုံစံကောင်းတွေပြသနေတဲ့ ကြိုးကြာနီတွေဆီက အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။ စပါးရဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ အထင်ကြီးစရာ ကောင်းသလိုအာဆင်နယ်ကလည်း နောက်ဆုံးပွဲစဉ်လေးပွဲမှာ ချဲလ်ဆီး၊ မန်ယူ၊ ၀က်စ်ဟမ်းနဲ့ လိဒ်စ်တို့ကို ဆက်တိုက်အနိုင်ယူထားနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အရှုံးခံလို့ လုံး၀ မဖြစ်တဲ့ အသင်းကတော့ စပါးဖြစ်ပြီး အာဆင်နယ်သာ အနိုင်ရခဲ့ရင် ရာသီမကုန်ခင်မှာ ချန်ပီလိဂ်၀င်ခွင့်ကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။ သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့ရင်တောင် အာဆင်နယ်အတွက်က အပြုံးမပျက်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် ဖိအားများလာမယ့် စပါးဟာ သူတို့ရဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ယူဖို့ပဲ ကြိုးစားလာမှာ ဖြစ်ပါတယ်။
တကယ်လို့သာ စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် အောင်ပွဲခံနိုင်ခဲ့မယ်ဆိုရင်တော့ အမြှောက်တပ်သားတွေအတွက် တကယ်ကို ချိုမြိန်တဲ့ မြောက်လန်ဒန်ဒါဘီ အောင်ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် လီဗာပူးကို သရေကစားပြထားတဲ့ ကွန်တီကလည်း အခုပွဲကို သေချာပေါက်အကောင်းဆုံးပြင်ဆင်လာမှာဖြစ်ပါတယ်။
မန်ယူ၊ချဲလ်ဆီး၊၀က်စ်ဟမ်းတို့ကို အနိုင်ယူပြထားတဲ့ အဆာင်နယ် နဲ့ လီဗာပူးလ်ကို အန်ဖီးမှာ သရေကစားပြထားတဲ့ စပါး ဘယ်သူက လန်ဒန်ရဲ့ ဘုရင်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စိတ်လှုပ်ရှားစွာစောင့်ကြည့်ရဦးမှာပါ။

Leave a Reply