အာဆင်နယ်အသင်းဟာ လေဗာကူဆင်တောင်ပံကစားသမား မူဆာဒီယာဘီ ကိုခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေတဲ့အကြောင်း သတင်း တွေထွက်ပေါ်နေပါတယ်။
အာတီတာက လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ တိုက်စစ်အင်အား ဖြည့်တင်းဖို့ အနည်းဆုံးတိုက်စစ်ကစားသမားသစ်နှစ်ဦးကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
SportBILD ရဲ့ အဆိုအရ ဂန်းနားတွေဟာ ဒီရာသီ ဘွန်ဒက်လီဂါရဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ မူဆာဒီယာဘီကို ခေါ်ယူဖို့ အခုကတည်းက စတင်ပြီး ကြိုးစားနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် အာဆင်နယ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နေရာတစ်နေရာ အရယူနိုင်မလားဆိုတဲ့အပေါ် မူတည်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
လေဗာကူဆင်ဟာ သူတို့ရဲ့ ပြင်သစ်ကြယ်ပွင့်အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၄.၄ သန်း) နဲ့ ဈေးခေါ်ထားပေမယ့် ယူရို ၇၅ သန်း (ပေါင် ၆၃.၃ သန်း)ပမာဏ ၀န်းကျင်နဲ့ လက်ခံနိုင်တယ်လို့လည်း သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ အသင်း တိုက်စစ်ရဲ့ ဘယ်ခြမ်းမှာ ပုံစံကောင်းတစ်ခု ပြသထားနိုင်ခဲ့ပါတယ်။ဒီယာဘီဟာ ဘွန်ဒက်စ်လီဂါမှာ ၁၂ ဂိုးသွင်းပြီး ၁၁ဂိုး ဖန်တီးမှု ပြုလုပ်ထားနိုင်တဲ့ အပြင် UEFA Europa League မှာလည်း သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားပါတယ်။

လာမယ့်နွေရာသီမှာ Bay Arena ကနေ ထွက်ခွာနိုင်မလားဆိုတဲ့ အလားအလာနှင့်ပတ်သက်၍ မေးမြန်းခဲ့တဲ့အခါ ကစားသမားက ခုလို ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။
‘အင်း ဒီအကြောင်းကို ကျွန်တော် တွေးနေပေမယ့် အများကြီးတော့ မတွေးရသေးပါဘူး။အသင်းရြဲ လက်ကျန်ပွဲစဥ်တွေကိုပဲ ကျွန်တော် အာရုံစိုက်နေပါတယ်။အခုလောလောဆည်အတွက် ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်စရာပါ”
‘’ကျွန်တော့်ရဲ့ ရည်မှန်းချက်က လေဗာကူဆင်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါ။ ဖိအားတွေ၊စိန်ခေါ်မှုတွေနဲ့ ပြိုင်ပွဲ တွေမှာ ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ချန်ပီယံလိဂ်မှာ ကစားရတာဟာ ကစားသမားတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အသင့် ရှိနေသလားဆိုတာ မြင်ရမယ့် အခိုက်အတန့်ပါပဲ။”
ကစားသမားရဲ့ ဆန္ဒက ချန်ပီယံလိဂ်မှာ ပါ၀င်ယှဉ်ပြိုင်ဖို့ ဖြစ်တဲ့အတွက် အာဆင်နယ်အနေနဲ့ ဒီယာဘီကို အမ်းမရိတ်ဆီ အရောက်ခေါ်ဖို့ဆိုရင် ချန်ပီယံလိဂ်၀င်ခွင့် ရဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
Leave a Reply