အာဆင်နယ် တိုက်စစ်မှူးဟောင်းဖြစ်သူ ကီဗင်ကမ်းဘဲလ်က အသင်းမှာ ပွဲထွက်ခွင့်မရခဲ့တာ ခြောက်လကြာပြီဖြစ်တဲ့ နီကိုလပ်စ်ပေပေအတွက် အသင်းမှာ အနာဂတ်မရှိတော့ဘူးလို့ ဆိုလာခဲ့ပါတယ်။
အသက်၂၆ နှစ်အရွယ်ကစားသမားကို လွန်ခဲ့တဲ့သုံးနှစ်က လိုင်လီကနေ ပေါင်သန်း၇၀ကျော်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ပေပေကို အသင်းနဲ့ ပရိသတ်တွေက မျှော်လင့်ချက်တကြီး ထားခဲ့ပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။
လက်ရှိရာသီ အာတီတာရဲ့လက်အောက်မှာ ပေပေဟာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၁၇ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်အများစုကိုလည်း လူစား၀င်ကစားသမားအဖြစ်နဲ့သာ ပါ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ကီဗင်ကမ်းဘဲလ်ကတော့ အာဆင်နယ်ဟာ ပေပေအတွက် ဈေးအဆမတန် ပိုပေးခဲ့ရပြီး တကယ်တမ်းမှာတော့ အိုင်ဗရီကို့စ်သားကြီးဟာ အာဆင်နယ်အတွက် ကစားပေးဖို့ စစ်မှန်တဲ့ သဘောထားမရှိဘူးလို့ ဆိုလာခဲ့ပါတယ်။
Football Insider နဲ့တွေ့ဆုံမှုမှာတော့ အာဆင်နယ်ကစားသမားဟောင်းကြီးက ခုလိုဆိုခဲ့ပါတယ်။
“အာဆင်နယ်ဟာ သူ့အတွက် ပိုက်ဆံတွေအများကြီး ပိုသုံးခဲ့ရပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ဒါက ရိုးရိုးရှင်းရှင်းလေးပါ။သူဟာ တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားပါ ဒါပေမယ့် အဲ့ဒါက အလုပ်မဖြစ်ခဲ့ပါဘူး”
“အာတီတာက အသင်းကို ဘယ်လိုစုစုစည်းစည်းနဲ့ အာရုံစိုက်ပြီး ကစားစေချင်လဲဆိုတာ တွေ့နိုင်ပါတယ်။ ပေပေဟာ အသင်းရဲ့ကစားကွက်မှာ အံမ၀င်နိုင်ပါဘူး။သူက လိမ်ခေါက်တတ်တဲ့ ကစားသမားပါ။နည်းနည်းလောက် ကစားကွက်ကို အာရုံစိုက်ပြီးတာနဲ့ လိမ်ခေါက်ဖို့ပဲ ပြန်တွေးမှာပါ။”
“ခရစ္စမတ်မတိုင်ခင်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်၊ ပေပေအနေနဲ့ အာဆင်နယ်မှာ သူ့ရဲ့ အနာဂတ် ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာ ဆုံးဖြတ်ဖို့ လအနည်းငယ်ပဲ ကျန်တော့တယ်ဆိုတာကိုပေါ့။တကယ်တမ်းတော့ အာဆင်နယ်မှာ သူ့ရဲ့အနာဂတ်ဟာ မရှိတော့ပါဘူး”
အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘူကာယ်ု ဆာကာက ညာတောင်ပံတိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် ကမ်းဘဲပြောသလို ပေပေအတွက် လာမယ့်နွေရာသီမှာ အမ်းမရိတ်ကနေ ထွက်ခွာဖို့ပဲ လွဲပြီး အခြားရွေးချယ်စရာ မရှိပုံပါပဲ။
Leave a Reply