(၂-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်နေခဲ့တဲ့ မန်ချက်စတာသားတွေဟာ ဒုတိယပိုင်းအစကတည်းက အာဆင်နယ်ကို တောက်လျှောက်ကို ဖိအားပေးနေခဲ့ပါတယ်။ ပထမပိုင်းမှာ စီဒရစ်ကို အားမရခဲ့ကြတဲ့ အာဆင်နယ် ပရိသတ်တွေဟာ ဒုတိယပိုင်း အရောက်မှာတော့ အဖွင့်ဂိုးရှင် တာဗာရက်စ်ကို မေတ္တာပို့နေရပါတယ်။ အားလုံးဟာ ရင်တထိတ်ထိတ်နဲ့ ပွဲကို ဆက်စောင့်ကြည့်နေရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲသွားချိန်မှာ ရင်ထဲမှာ အပူလုံးကြီးတစ်ခုကျခဲ့ရပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်တွေးနေမိတာကတော့ အာဆင်နယ် နောက်ထပ်သွင်းဂိုးတစ်ဂိုးရဖို့ လိုနေပါပြီ။မဟုတ်ရင်တော့ မလွယ်တော့ပါဘူး။ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်ကို စိတ်ချရဖို့ နောက်ထပ်သွင်းဂိုး တစ်ဂိုးနဲ့အတူ မန်ချက်စတာသားတွေရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ လိုနေပါပြီ။
ပွဲချိန် ၆၇မိနစ်မှာတော့ ကျွန်တော်တို့ရဲ့ ကဒ်မင်းသားကြီး ရှာကာဟာ အဝါကဒ်ထိခဲ့ပြန်ပါတယ်။ ဘောလုံးဖျက်ထုတ်ပုံ ကြမ်းလို့တော့ မဟုတ်ပါဘူး။ မန်ယူကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော ပေးလိုက်ချိန်မှာ ရှာကာက မကျေမနပ်နဲ့ ဘောလုံးကို လေပေါ် ပိတ်ကန်ထည့်လိုက်လို့ပါပဲ။ ဒီပွဲကို သူဘယ်လောက်နိုင်ချင်နေလဲဆိုတာ ကျွန်တော်တို့ ရိပ်မိလိုက်ပါပြီ။

နှစ်မိနစ် သုံးမိနစ်လောက်နေတော့ ဂိုးဧရိယာထဲကနေ မန်ယူနောက်တန်းနဲ့ထိပြီး ထွက်လာတဲ့ ဘောလုံးဟာ အယ်လ်နီနီဆီရောက်သွားပါတယ်။ ဂိုးဧရိယာထဲမှာ ရှိနေတဲ့ အာဆင်နယ် ကစားသမားအချို့က လက်ထိဘောဆိုပြီး ဒိုင်လူကြီးကို ပင်နယ်တီတောင်းနေကြတယ်။အဲ့ဒီအချိန်မှာ အယ်လ်နီနီက သူ့ခြေထောက်ထဲက ဘောလုံးကို ရှာကာဆီပို့ပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်းပဲ ဆွစ်ဇာလန်သားကြီးရဲ့ သူ့ရဲ့စတိုင်ဖြစ်တဲ့ ဧရိယာအပြင်ကနေ ဘယ်ခြေကန်ချက်အပြင်းကို တစ်ပွဲလုံးလက်စွမ်းပြနေခြဲတဲ့ ဒီဂီယာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပါဘူး။ အမ်းမရိတ်ကွင်းထဲမှာ အော်ဟစ်အားပေးသံတွေ လုံး၀ဆူညံသွားခဲ့ပါတယ်။အာဆင်နယ် ဒီပွဲကို နိုင်ပါပြီလို့ ကျွန်တော်တို့ စိတ်အေးလိုက်ရပြီမလား။
ရှာကာက ကွင်းဘေးမှာသွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့ လာကာဇက်ဆီပြေးသွားတယ်။ပွဲထွက်လူစာရင်းမှာ ပါခွင့်မရပေမယ့် ကပ္ပတိန်ကြီးနားမှာ အသင်းသားတွေအားလုံးဟာ ပျော်ပျော်ပါးပါးနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။စက္ကန့်အနည်းငယ်အကြာမှာတော့ ကစားသမားတွေ အားလုံးသူ့နေရာသူ ပြန်သွားကြချိန်မှာတော့ ရှာကာဟာ ပွဲကြည့်စင်ရှေ့မှာ ကျန်နေခဲ့ပါသေးတယ်။ပရိသတ်တွေကို blow kissတွေပေး၊လက်ပြနှုတ်ဆက်ပြီးတော့မှ ဆွစ်ဇာလန်သားကြီးဟာ သူ့နေရာသူ ပြန်သွားခဲ့ပါတယ်။တစ်ချိန်က ပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့ဖူးတဲ့ ရှာကာမှဟုတ်ရဲ့လားလို့ တွေးနေမိတာပါပဲ။
ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာတော့ အားလုံးဟာ ပျော်ပျော်ပါးပါးနဲ့ ကွင်းထဲမှာ အောင်ပွဲခံနေကြပါတယ်။ ကစားသမားတွေအားလုံးက ချီးကျူးပြီး ပွေ့ဖက်ခံနေရတဲ့ ကစားသမားကြီးကတော့ ရှာကာပါပဲ။ဒီနိုင်ပွဲအတွက် အထိုက်တန်ဆုံး ဟီးရိုးက ရှာကာပါပဲ။
ဒီနိုင်ပွဲကနေ ချီးကျူးစရာ ကစားသမားတွေကတော့ အများကြီးပါပဲ။လက်စွမ်းပြ ကာကွယ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ ရမ်ဒေးလ်၊ကွင်းလယ်မှာ ရှာကာနဲ့ တွဲဖက်ပြီး သူမှဟုတ်ရဲ့လားလို့ တွေးမိလောက်အောင် ခြေစွမ်းတွေပြနေခဲ့တဲ့ အယ်လ်နီနီ ဒါမှမဟုတ် ယူရို ဖိုင်နယ်က ပင်နယ်တီအိပ်မက်ဆိုးကို ချေဖျက်ပြီး မန်ဒီ၊ဒီဂီယာတို့လို ကမ္ဘာ့အဆင့် ဂိုးသမားတွေကို ကျော်ဖြတ်ပြီး ပင်နယ်တီသွင်းခဲ့တဲ့ ဆာကာလား။
ဒါပေမယ့် ရှာကာရဲ့ အဝေးကန်ချက်ကြောင့်သာ မဟုတ်ခဲ့ရင် ဒီပွဲစဉ်ရဲ့ အဖြေဟာ တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ရှာကာက ဂိုးသွင်းတယ်။ရော့ဘ်ဟိုးဒင်း၀င်လာပြီး ခံစစ်ကိုကူတယ်။အယ်နီနီက ရှာကာနဲ့ တွဲပြီး မန်ယူကွင်းလယ်ကို ဖျက်စီးပစ်လိုက်တယ်။ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ အမ်းမရိတ်မှာ ဂိုးပြတ်အနိုင်ရလဒ်နဲ့ သရဲနီတွေကို အောင်နိုင်ခဲ့ပါတယ်။
ဒီဂိုးဟာ ရှာကာအတွက် ဒီရာသီ ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။သူနဲ့ ပရိသတ် တွေကြားမှာ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုလည်း ပြန်လည်မွေးဖွားလာခဲ့ပြီလို့ ဆိုရမှာပါ။
ဒီနိုင်ပွဲအတွက် အယ်လ်နီနီနဲ့ တွဲဖက်ပြီး ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်လိုကစားပြခဲ့တဲ့၊ လှပလွန်းတဲ့ အဝေးကန်ချက်နဲ့ ပရိသတ်တွေကို စိတ်အေးစေခဲ့ရတဲ့ ရှာကာဟာ ချီးကျူးမှူအားလုံးနဲ့ ထိုက်တန်တဲ့ ဟီးရိုးတစ်ယောက်လို့ ဆိုမယ်ဆိုရင် ငြင်းစရာမရှိပါဘူး။

Leave a Reply