၂၀၁၂ ခုနှစ်တုန်းက အာဆင်နယ်နည်းပြကြီးအာဆင်ဝင်းဂါးဟာ အသင်းရဲ့ ပရိတ်သတ်တွေနဲ့ နှစ်ဥ်အထွေထွေတွေ့ဆုံပွဲမှာ ဆုံကြတဲ့အခိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရတာဟာလည်း ဖလားတစ်လုံးရသလိုပါပဲလို့ ပြောကြားခဲ့ဖူးပါတယ်။
”ကျွန်တော့်အတွက်တော့ နှစ်တိုင်း ဖလားငါးလုံး ရှိပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FAဖလား၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေပါပဲ” ဆိုပြီး အသင်းရဲ့ရှယ်ယာရှင်တွေကို ပြောကြားခဲ့တာပါ။
အခုအချိန်မှာ မန်စီးတီးနဲ့ လီဗာပူးလ်က ဖလားလုနေရပြီဖြစ်သလို ချယ်ဆီးကလည်း ဘယ်သူဘာဖြစ်ဖြစ် သူကတော့ ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်ဖို့ များသွားပါပြီ။ အဆင့် ၄နေရာကိုတော့ စပါး၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်က အပြိုင်ဖြစ်နေသလို ဖျက်မြင်း ဝက်စ်ဟမ်းကလည်း ကပ်လိုက်လျက် ရှိနေပါတယ်။
အန်တိုနီယိုကွန်တီရဲ့ စပါးအသင်းဟာ ၆ပွဲကစားဖို့ ကျန်သေးပြီး အာဆင်နယ်ရဲ့ အထက်မှာ ရမှတ်တူ၊ ဂိုးကွာခြားချက်အကွာ၊ စုစုပေါင်း ၅၇မှတ် စုဆောင်းထားနိုင်ပါတယ်။ ကွန်တီရဲ့အသင်းက ဂိုးကွာခြားချက်မှာတော့ အာဆင်နယ်နဲ့ မန်ယူထက် အပြတ်အသတ် သာနေပြီး ၁၈ဂိုးတောင် ဂိုးကွာခြားချက် ရှိထားပါတယ်။ အာဆင်နယ်အသင်းက လတ်လတ်လောလော ချယ်ဆီးကို ၄ဂိုး ၂ဂိုးနဲ့ နိုင်လိုက်တာကြောင့် လက်ရှိ အဆင့် ၄နေရာလုပွဲမှာ အခြေအနေ ပြန်ကောင်းလာခဲ့ပါတယ်။

စပါးရဲ့အောက်ကို ရမှတ်တူ၊ ဂိုးကွာခြားချက်နည်း (၁၀ဂိုး) ၅၇မှတ်နဲ့ ရောက်လာခဲ့ပြီး လက်ကျန်ပွဲတွေမှာသာ စပါးအသင်းကို အနိုင်ကစားနိုင်ခဲ့ရင် ကျန်တဲ့ပွဲစဥ်တွေက သူ့အတွက် လွယ်ကူသွားတော့မှာပါ။ အာဆင်နယ်အသင်းဟာ စပါးနည်းတူ ၆ပွဲကစားရန် ကျန်နေပါသေးတယ်။ မန်ယူနိုက်တက်ကတော့ ၅ပွဲသာကစားဖို့ ကျန်တော့သလို အာဆင်နယ်နဲ့ စပါးထက်လည်း ၃မှတ်လျော့နေပါတယ်။ ဂိုးကွာခြားချက်ကလည်း ၄ဂိုးသာရှိထားတာကြောင့် အဆင့်၄နေရာအတွက် ခြေတစ်လှမ်း နောက်ကျနေဆဲပါပဲ။
လက်ကျန်ပွဲတွေမှာလည်း အာဆင်နယ်၊ ချယ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ ပဲလေ့စ်တို့နဲ့ ကစားရပါဦးမယ်။ ဝက်စ်ဟမ်းကတော့ အဆင့် ၇ နေရာမှာ မန်ယူထက် ၂မှတ်လျော့၊ ၅၂မှတ်နဲ့ ၃၃ပွဲ ကစားထားပါတယ်။ သင်္ချာနည်းအရတော့ ဖြစ်နိုင်နေသေးပေမယ့် ဒေးဗစ်မိုယက်စ်တို့အသင်းအတွက် အခွင့်အရေးကတော့ နည်းနေပါတယ်။ ဒါ့အပြင် ပွဲကျန်မှာ မန်စီးတီး၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ နောဝှစ်ချ်တို့နဲ့ ကစားရမှာဖြစ်တာကြောင့် သိပ်မမျှော်လင့်ထားတာက အကောင်းဆုံးဖြစ်ပါမယ်။
Leave a Reply