ရီးရဲမက်ဒရစ်ရှေ့တန်းလူ အီဒင်ဟာဇက် ကတော့ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ ဆွေးနွေးဖို့ကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ် ဘယ်ဂျီယံနိုင်ငံသား အီဒင်ဟာဇက်ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး ဟာဇက်ကတော့ အာဆင်နယ်ထံပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း အကြောင်းပြန်ခဲ့တာပါ။
ဟာဇက်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ချယ်ဆီးနဲ့အတူ တောက်ပခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရီးရဲမက်ဒရစ်မှာ ရုန်းကန်နေရတဲ့သူပါ။ အာဆင်နယ်က နီကိုလပ်စ်ပေပေရဲ့နေရာမှာ အစားထိုးဖို့ ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး အီဒင်ဟာဇက်ကိုလည်း ခေါ်ယူဖို့ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ စျေးကွက်ထဲမှာ အီဒင်ဟာဇက်မဟုတ်တဲ့ တခြားသော ကမ္ဘာ့အဆင့်တွေကိုသာ ရှာဖွေရပါတော့မယ်။
အန်ဆယ်လော့တီရဲ့အသင်းမှာ ဒီရာသီအတွက် ၂၂ ပွဲကစား ၊ ၁ ဂိုးသွင်းပြီး ၂ကြိမ်ဖန်တီးပေးထားနိုင်တဲ့ ဘယ်လ်ဂျီယံသားအနေနဲ့ ရီးရဲမှာဆက်ကြိုးစားချင်နေသော်လည်း အသင်းသစ်ရှာဖွေဖို့ကိုပဲ ဦးစားပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ Cadena SER သတင်းဌာနရဲ့ဖော်ပြချက်အရတော့ ဒေါ့မွန်အသင်းဟာ ဟာဇက်ကိုခေါ်ယူလိုနေပြီး ၊ အမှန်တကယ်သာပြောင်းရွေ့ဖြစ်ခဲ့ပါက ညီဖြစ်သူ သော်ဂန်ဟာဇက်နဲ့ တသင်းထဲကစားရဖို့ရှိနေပါတယ်။

Leave a Reply