လက်ရှိချန်ပီယံဖြစ်တဲ့ မိမိတို့အားပေးသော ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ကနေ လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ပွဲကရသစုံလင်လွန်းခဲ့ပါတယ်။ ဂုဏ်ယူစရာ ၊ ပျော်ရွင်စရာအခိုက်အတန့်တွေရော .. လှောင်ပြုံးပြုံးချင်စရာအခိုက်အတန့်တွေရာအစုံအလင်ပါပဲ။ ဒါပေမယ့် ကမ္ဘာတစ်လွှားက ဘောလုံးပရိတ်သတ်တွေရဲ့လေးစားမှုကို ရရှိခဲ့သလို ၊ ချဲလ်ဆီးအားပေးသူတွေအတွက်လဲအနိုင်ရလဒ်ပြီးရင် ကျေနပ်စရာအကောင်းဖြစ်မယ်လို့ထင်ပါတယ်။
ပွဲမစခင်မှာ ရီးရဲ ကစားသမား ကတ်ဆီမဲရိုးက ပြောပါတယ်။ အရာအားလုံးပြီးဆုံးသလို ပြောဆိုနေတာကို သူလက်မခံကြောင်း ၊ မက်ဒရစ်တို့ရင်ဆိုင်နေရတာ လက်ရှိချန်ပီယံဖြစ်ကြောင်း … မှတ်ချက်ပြုပြောဆိုရင်း လေးစားမှုကို ပြသခဲ့သလို သူတို့ရဲ့ ပြင်ဆင်မှုကိုလည်း အသိပေးလာပါတယ်။ တကယ်လည်း ပွဲထဲမှာကစားတဲ့အခါ အလွန်သပ်ရပ်တဲ့ ၊ ရာသီစတုန်းက မြင်ခဲ့ရတဲ့ အချိတ်အဆက်၊ တိုက်စစ်ဆင်မှု ၊ သေသပ်တဲ့ကန်သွင်းမှုတွေကို ချဲလ်ဆီးထံကနေ တွေ့ခဲ့ရပါတယ်။

တကယ်ကိုပဲ ၂ ဂိုးပြတ်ရှုံးထားတဲ့အသင်းဟာ ၀ – ၃ နဲ့ပြန်လည်ဦးဆောင်နိုင်သွားခဲ့တာပါပဲ။ ဒါတောင်အလွန်ဆိုရဲ့ ဂိုးကို လက်ထိတယ်ဆိုပြီး ဒိုင်က မပေးခဲ့ပါဘူး။ တူချယ်ကလည်း ပွဲအပြီးမှာ ဒိုင်ကို အဆိုပါဖြစ်ရပ်အတွက် ဝေဖန်ခဲ့ပါတယ်။
ဝါရင့်ကွင်းလယ်လူ မိုဒရစ်ရဲ့ ထူးခြားလှတဲ့ ပေးပို့မှု ၊ ဘန်ဇီမာရဲ့သေသပ်တဲ့ခေါင်းတိုက်ချက်တွေဟာ လက်စွမ်းရော ယုံကြည်မှုပါ ကျဆင်းနေပုံရတဲ့ မန်ဒီအတွက် ဘာမှတတ်နိုင်ခဲ့ပုံမပေါ်ပါဘူး။ ဒါကတော့ ချဲလ်ဆီးပရိတ်သတ်တွေအတွက်ရင်နာစရာကောင်းခဲ့ပါတယ်။ တကယ်လို့သာ ညကပွဲအနိုင်ရခဲ့ရင် အသင်းရဲ့အဆိုးရွားဆုံးကာလတွေထဲက ဂုဏ်ယူစရာနိုင်ပွဲဖြစ်လာမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်သစ်မရသေး၊ အနာဂတ်ဘာမှန်းမသိရသေးချိန်မှာ အသင်းက ကစားသမားတိုင်းဟာသူတို့တာဝန်သူတို့ထမ်းဆောင်ရင်းအသင်းကိုဆွဲတင်ပေးနေကြတာကတော့ ကျေနပ်စရာပါပဲ။ ရူဒီဂါဟာ ဂိုးသွင်းဆဲပါ။ ခြေစွမ်းပြဆဲပါ။ ဝါနာဟာ အခြားသတင်းဘာပဲဖြစ်ဖြစ် ကွင်းထဲမှာပေးဆပ်ဆဲပါ။ အကယ်ဒမီထွက် မေဆင်မောင့်တို့ကလည်း ခြေစွမ်းလုံးဝမယိမ်းယိုင်ပဲအကောင်းဆုံးပြသထားနိုင်ဆဲပါ။
တော်ရုံအသင်းပြိုလဲသွားလောက်တဲ့ ဘောလုံးလောကဓံထဲမှာ ချဲလ်ဆီးတို့ဟာ အဆင့်အတန်းတစ်ခုကနေ ဆက်လက်ချီတက်နေဆဲဖြစ်ပါတယ်။ တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ဘောလုံးအသင်း တစ်သင်းဖြစ်ပါတယ်။ စစ်မှန်တဲ့ချန်ပီယံများလည်းဖြစ်ပါတယ်။ ဆုဖလားတွေရတုန်းက ကမ္ဘာကြီးက အပြာရောင်လို့ ကြွေးကျော်ခဲ့သလိုပဲ အခုအချိန်မှာလည်း ပရိတ်သတ်နဲ့ ကစားသမား တစ်သားထဲကျနေဆဲပါပဲ။

Leave a Reply