ဧပြီလ ၁၆ရက်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိလာတော့မယ့် အမှတ်တရပွဲကောင်းတစ်ပွဲကို ဒီဆောင်းပါးကနေဆင့် ပြန်လည်ပြောပြချင်ပါတယ်။ ၂၀၀၂- ၂၀၀၃ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ဟိုက်ဘူရီမှာ ၂ – ၂ စီသရေကျခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ ပွဲကောင်းများစွာရှိတဲ့အထဲကမှ ဘာကြောင့်အခုပွဲကို အမှတ်တရပြန်ပြောရသလဲဆိုရင်တော့ လက်ရှိအချိန် ၊ အခြေအနေ နဲ့အနဲငယ်ဆင်တူနေတဲ့အခြေအနေအချို့ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကတော့ အသင်းတွေရဲ့ရပ်တည်မှုတွေကတော့ ထိုစဥ်ကနဲ့ ကွာခြားနေခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းက အမှတ်ဖြတ်ပြီးဦးဆောင်နေချိန်ဖြစ်ပြီး ယူနိုက်တက်တို့က နောက်ကနေဆက်တိုက်ဖိအားပေးနေတာဖြစ်ပါတယ်။ ရာသီကုန်မှာလည်း ယူနိုက်တက်တို့ချန်ပီယံဖြစ်ခဲ့ကြပါတယ်။ ခြေစွမ်းနဲ့အနေအထားကွာခြားပေမယ့် လက်ရှိအချိန်မှာ (ဆောင်းပါးရေးနေချိန်) အာဆင်နယ်အသင်းက နှာတဖျားအသာနဲ့ ကိုယ့်ရဲ့ရပ်တည်မှုကို ထိမ်းသိမ်းနေရပါတယ်။ ထိုအချိန်များတုန်းက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဥ်တွေဆိုရင် တစက္ကန့်တောင် အလွတ်ပေးလို့မရတဲ့ အခိုက်အတန့်တွေများစွာပါဝင်လေ့ရှိတာဖြစ်ပါတယ်။
ယခုပွဲမှာလည်း အလွန်ပြန်ပြောပြစရာအချက်တွေရှိပါတယ်။ ပွဲဆီပြန်သွားကြရအောင်။
နှစ်သင်းစလုံးဟာ ပွဲစကတည်းကလျှင်မြန်စွာပဲ တိုက်စစ်ဖွင့်ခဲ့ကြပါတယ်။ ယူနိုက်တက်ဖက်မှာ အံ့သြစရာ ဒေးဗစ်ဘက်ခမ်းပါမလာခဲ့ပါဘူး။ ညာတောင်ပံကို ဆိုးရှားလ်နဲ့ ဂယ်ရီနဗီးလ်တို့က အတက်အဆင်းကစားခဲ့ကြပါတယ်။ အာဆင်နယ်ကတော့ ထုံးစံအတိုင်း ကိုးလ် ၊ အွန်နရီတို့အားနဲ့ ဘယ်ခြမ်းကနေထိုးဖောက်ပါတယ်။ ဒါကြောင့် ညာဖက်ကဖောက်တဲ့အသင်းရယ် ဘယ်ဖက်ကဖောက်တဲ့အသင်းရယ် ထိပ်တိုက်တွေ့ပြီး ပွဲက တစ်ခြမ်းစောင်းနေခဲ့ပါတယ်။

အာဆင်နယ်ဖက်က ဂိုးသမားဆီးမင်းမပါနိုင်လို့ အရံဂိုးသမား တိုင်လာ ဝင်ဖမ်းခဲ့ရပါတယ်။ ဒီအချက်ဟာ အာဆင်နယ်အတွက်အားနဲချက်တစ်ခုဖြစ်ခဲ့ရပါတယ်။ အဖွင့်ဂိုးကို ယူနိုက်တက်ကရခဲ့ပြီး တိုက်စစ်မှုးနစ္စတဲလ်ရွိုင်းရဲ့ သွင်းယူသွားပုံကလည်း သိပ်ကောင်းခဲ့ပါတယ်။ ကွင်းလယ်က ရိုင်ယံဂစ်ရဲ့ အလိုက်သင့်မြောထိုးပေးမှုကို ဆိုလ်ကင်းဘဲ နဲ့ ကီအွန်တို့ကို လှလှပပ ကျော်ဖြတ်ပြီး တိုင်လာကို လှည့်စားကန်သွင်းသွားခဲ့တာပါ။ နှစ် ၂၀ နီးပါးရှိတဲ့တိုင်အောင် ပြန်ကြည့်တိုင်းကောင်းနေတဲ့ ဂိုးပါပဲ။
ထို့အတူ နှစ်ဂိုးပြန်သွင်းပြီးဦးဆောင်ခဲ့တဲ့ အာဆင်နယ်ရဲ့ ဂိုးတွေကလည်း လုံးဝအဆင့်မနိမ့်ခဲ့ပါဘူး။ အက်ရှ်လေကိုးလ်ရဲ့ ကြောက်စရာလှုပ်ရှားမှုတွေကို ယူနိုက်တက်နောက်တန်းကလုံးဝမထိမ်းနိုင်ခဲ့ပဲ ဂိုးခွင့်ပြုပေးလိုက်ရပါတယ်။ ဧရိယာထဲမှာပဲ သူ့ရဲ့ပုံစံအတိုင်း အလိမ်အလှည့်တွေနဲ့ သွင်းယူသွားခဲ့တာပါ။ ဒါ့အပြင် ၂-၁ ဖြစ်စေခဲ့တဲ့ အွန်နရီရဲ့ ဂိုးကလည်း တကယ့် Master Class ပါပဲ။ ကွင်းလယ်ကနေချပေးတဲ့ဘောလုံးကို တစ်ချက်ကလေးမထိပဲ ခန္တာကိုယ်ရွေ့လျားမှုသက်သက်နဲ့ Ready Position ဖြစ်စေပြီး ငြင်ငြင်သာသာကန်သွင်းယူခဲ့ရာမှာ ယူနိုက်တက်ဂိုးသမား ဘားသက်ဇ်ဟာ ဘာမှကိုမလုပ်နိုင်ပဲခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။ တကယ့်ကို ဂန္တဝင်တိုက်စစ်မှုး ၂ ယောက်ရဲ့ အားပြိုင်မှုဖြစ်ပါတယ်။
မရှေးမနှောင်းမှာပဲ ယူနိုက်တက်တို့ချေပဂိုးရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ နည်းပြဟောင်းဆိုးရှားက ဖြတ်တင်ပေးပြီး ရိုင်ယံဂစ်က မြေထောက်ဘော ခေါင်းတိုက်သွင်းသွားတာဖြစ်ပါတယ်။ အပြန်အလှန်ရှိပြီး ဂိုးကောင်းကောင်းတွေကို မြင်ခဲ့ရတဲ့ အခိုက်အတန့်ပဲဖြစ်ပါတယ်။ အဆိုပါမြင်ကွင်း ၊ ခြေစွမ်းနဲ့ စိတ်ဓါတ်တွေဟာ လက်ရှိဂန်းနားနဲ့သူရဲနီပရိတ်သတ်တွေအတွက် ပြန်လည်တမ်းတရတဲ့အဖြစ်များဖြစ်နေခဲ့ပြီး ထိုစဥ်က အဆင့်အတန်းနဲ့လက်ရှိအခြေအနေတွေဟာ ဆောင်းပါးအစမှာပြောခဲ့သလိုပဲ အလွန်ကွာခြားခဲ့ပြီဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြန်သတိရလို့ကောင်းတဲ့ပွဲတစ်ပွဲအကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။ ပွဲကိုအလွမ်းပြေကြည့်နိုင်အောင် Video လေးကိုပါထည့်ပေးလိုက်ပါတယ်။

Leave a Reply