အပြန်အလှန်အားပေးခဲ့ကြတဲ့ အာဆင်နယ်လူငယ်များ
ဝေဖန်မှုတွေများစွာကိုရရှိနေသလို ကာယကံရှင် ကိုယ်တိုင်လဲ စိတ်ဓါတ်ကျဆင်းနေတာကို သိသိသာသာမြင်နေရတဲ့ နောက်ခံအစွန်လူ တာဗာရက်စ်ကို အခြားလူငယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါက “ မင်းဘာလဲဆိုတာ ပြလိုက်စမ်းပါ “ ဆိုပြီး Comment ရေးသားကာ အားပေးလာခဲ့ပါတယ်။ တာဗာရက်စ်ဟာ သူ့အခြေအနေကျဆင်းနေကြောင်း လူသိရှင်ကြားဖွင့်ဟအပြီးမှာ ဆမ်ဘီကလည်း အခုလိုမျိုးအားပေးမှုကို ပြသပေးခဲ့တာဖြစ်ပါတယ်။
ဒီဘားလားကို အာဆင်နယ်ဆက်သွယ်ထားကြောင်း The Mirror ရေးသား
အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ တူရင်မြေကို စွန့်ခွာတော့မယ့် ဒီဘားလားကို ဆက်သွယ်မှုပြုလုပ်ထားခဲ့ပြီဖြစ်ကြောင်း The Mirror သတင်းစာက အခြားသတင်းများကို ကိုးကားကာရေးသားလာပါတယ်။ အဆိုပါဆောင်းပါးအရ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ အာဂျင်တိုင်းသားအတွက်ပြိုင်ဆိုင်ရဖွယ်ရှိကြောင်းသိရပါတယ်။

ရိုက်စ်ကို ချီးကျူးရင်း အာဆင်နယ်မှာ မြင်ချင်ကြောင်း ဝီးရှိုင်းယားပြောကြား
ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားက ဒီကလန်ရိုက်စ်ကို ချီးကျူးပြောကြားလိုက်ပြီး အာဆင်နယ်အသင်းကို ပြောင်းလာဖို့ မျှော်လင့်ကြောင်း ဖွင့်ဟလာပါတယ်။
“ အခုလောလောဆယ် ရိုက်စ် လောက်ကောင်းတဲ့ကွင်းလယ်ခံစစ်သမားရှိလို့လား … သူက စွမ်းဆောင်နိုင်တာတွေအများကြီးပါပဲ .. ဘူးစကွက်ရဲ့ အကောင်းဆုံးအချိန်တွေဟာ လွန်ခဲ့တဲ့ ၃ – ၄ လောက်က ပြီးခဲ့ပါပြီ။ ပြီးတော့သူက တစ်နေရာစာအတွက်ပဲအကောင်းဆုံးဖြစ်ခဲ့တာပါ .. ရိုက်စ် လုပ်ဆောင်နေရတာတွေကပိုခက်ပါတယ် .. သူက ဥရောပရဲံ့ဘယ်အသင်းမှာမဆို ကစားနိုင်သူပါ .. အာဆင်နယ်ကို လာမယ်လို့လဲ မျှော်လင့်ကြည့်တာပေါ့ဗျာ “ လို့ Metro UK နဲ့တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ပါတယ်။
စပါးကို အလေးသာပေးလိုက်တဲ့ ပေါလ်မာဆင်
အာဆင်နယ်ရဲ့ ရေပန်းစားမှုတွေလျော့ကျသွားပြီဖြစ်ကြောင်း The Sun နဲ့တွေ့ဆုံရာမှာ ပေါလ်မာဆင်ကို ဖွင့်ဟပြောဆိုလာပါတယ်။ “ အာဆင်နယ်မှာ ပွဲကျန်မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ် .. ဘာကြောင့်လဲဆိုတော့ သူတို့ကစားရမှာ တော့တင်ဟမ်ဖြစ်နေလို့ပါပဲ .. အခြေအနေတွေကို ခြုံကြည့်ရင် စပါးရဲ့အခြေအနေက ပိုပြီးကောင်းလာပါပြီ “ လို့သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါပြောဆိုမှုကို Just Arsenal ကတော့ အပြည့်အဝလက်မခံသေးပဲ အာတီတာအနေနဲ့ တစ်ခုခုလုပ်ပြနိုင်ခြေရှိကြောင်း ရေးသားထားပါတယ်။
လူငယ်ကွင်းလယ်လူကို ဘရိုက်တန်နဲ့ပွဲအတွက် အာတီတာ ခေါ်ယူလေ့ကျင့်ပေးနေ
အာတီတာဟာ ဘရိုက်တန်ကိုရင်ဆိုင်ရမယ့် ပွဲစဥ်အတွက် လူငယ်ကွင်းလယ်လူ မီဂွယ်အဇီးကို ခေါ်ယူလေ့ကျင့်ပေးနေကြောင်း သတင်းများက ရေးသားနေကြပါတယ်။ အဆိုပါ ၁၉ နှစ်သားဟာ အသင်းရဲ့ အရံစာရင်းမှာတော့ မကြာခနပါဝင်နေပြီဖြစ်ပါတယ်။ သို့သော် အာတီတာ အနေနဲ့ လူငယ်တွေကို ခေါ်ယူလေ့ကျင့်ပေးနေတာ အပတ်စဥ်ဖြစ်နေတာကြောင့် အမှန်တကယ်အသုံးပြုမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Leave a Reply