ယခုအချိန်မှာ အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ပြီး ပရိတ်သတ်တွေရဲ့ အသဲနှလုံးဖြစ်နေတဲ့ စမစ်ရိုးဟာ အစောပိုင်းကာလများမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဟက်ဒါစဖီးအသင်းကိုလည်းအငှားထွက်ကစားခဲ့ရသေးသလို ခေါ်ယူလိုတဲ့အသင်းတွေလဲရှိခဲ့တာမို့ အမ်းမရိတ်နဲ့ဝေးရမလိုဖြစ်ခဲ့ပါသေးတယ်။
ဒီအထဲမှာ ချန်ပီယံရှစ်အသင်း ဒါဘီကောင်တီရဲ့ နည်းပြ ဝိန်းရူနီလဲပါဝင်ခဲ့ပါတယ်။ ရူနီက စမစ်ရိုးကို အငှားခေါ်ယူဖို့ ကြိုးစားခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ဖက် အက်စ်တွန်ဗီလာကလည်း အာဆင်နယ်ဆီကနေ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူသဘောကျတဲ့ကစားသမားကို ခေါ်ယူရန် ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပေမယ့် ရူနီက အာဆင်နယ်ကစားသမားလေးကို ဘယ်လောက်ထိ သဘောကျလဲဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။
“ ဒါဘီအသင်းကို စကိုင်တွယ်ခဲ့တုန်းက ပထမဆုံးခေါ်ယူချင်ခဲ့တဲ့ ကစားသမားက စမစ်ရိုး ဖြစ်ပါတယ်။ သူ့ကို အငှားခေါ်ယူနိုင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ သူက ဘယ်ညာခြေမရွေးပဲ ဘောလုံးဆွဲပြေးနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်တယ်။ ကျွန်တော် သူ့ကို တကယ်ပဲ သဘောကျပြီး သူ့မှာ တောက်ပတဲ့ အနာဂတ်တစ်ခုရှိတယ်လို့လည်း ထင်ပါတယ်”
“သူ့ရဲ့ ဘောလုံးကို ခြေထောက်နှစ်ဖက်စလုံးနဲ့ သယ်ဆောင်ပြီး ပြေးနိုင်တဲ့ပုံစံက လီဗာပူးလ် ကစားသမားဟောင်း လယ်လာနာနဲ့ ဆင်တူတယ်လို့ ထင်ပါတယ်။သူဟာ တဖက်အသင်းနောက်တန်းမှာ ကောင်းကောင်းနေရာယူတတ်သလို ဂိုးလာဘ်မြင်တဲ့ မျက်လုံးများလည်း ရှိပါတယ်။ သူက ကျွန်တော် တကယ်သဘောကျတဲ့ ကစားသမားပါပဲဗျာ ” လို့ Sky Sports နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထူးခြားချက်ကအနေနဲ့ပြောရရင်တော့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဖြစ်တဲ့ ရူနီဟာ ခါးသီးပြိုင်ဖက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကို သဘောကျနေတာပဲဖြစ်ပါတယ်။ တဖက်မှာလည်း လက်ရှိယူနိုက်တက်ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ခံယူချက်ကို သဘောကျ နှစ်သက်ခြင်းမရှိပဲ မကြာခနဝေဖန်တတ်သူဖြစ်ပါတယ်။ စမစ်ရိုးကတော့ အာဆင်နယ် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၆ခုနှစ်အထိ အသင်းမှာ ရှိနေမယ့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
ရူနီရဲ့ ဒါဘီအသင်းကတော့ သူ့ရဲ့ ရုန်းကန်မှုနဲ့အတူ ချန်ပီယံရှစ်မှာ တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်စရှိလာပြီပဲဖြစ်ပါတယ်။

Leave a Reply