ဒန်ဂျူးမားတစ်ယောက် ဗီလာရီးရဲကိုပြောင်းသွားတုန်းက တိတ်တိတ်ဆိတ်ဆိတ်ကလေးပါပဲ။ ပေါင် ၂၅ သန်းဆိုတာ ခုနောက်ပိုင်း ငွေသိပ်မသုံးတဲ့ လာလီဂါမှာတော့ ပြောစရာနဲနဲလေးဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ရဲ့ သတင်းတွေသာကြီးစိုးနေချိန်မှာ အဂ်လန်အသင်းငယ်တစ်သင်းကနေ စပိန်အသင်းတစ်သင်းဆီကို ပြောင်းရွေ့တာက လူသိပ်စိတ်မဝင်စားခဲ့ကြ။ သို့သော် ချန်ပီယံလိဂ်မှာ လူကြိုက်များတဲ့အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းရင်းသူ့နာမည်ကို သတိထားမိလာကြပါတယ်။
အခုတော့ မှတ်တမ်းသစ်များစွာကိုရေးထိုးလိုက်တဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရတဲ့ပွဲရဲ့ တစ်လုံးထဲသောသွင်းဂိုးရှင်ဖြစ်လာပါတယ်။ မရှေးမနှောင်းမှာပဲ လီဗာပူးလ်နည်းပြ ကလော့ကသူ့ကိုလိုချင်နေတယ်ဆိုတဲ့သတင်းကလဲ တစ်ပါထဲထွက်ပေါ်လာခဲ့ပါတယ်။ အရာအားလုံးက ခပ်မြန်မြန်ပါပဲ။

အရပ် ၅ပေ ၁၀လက်မရှီပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဒန်ဂျူးမားဟာ ပရိုဖိုင်းအမြင့်ကစားသမားတော့မဟုတ်ခဲ့ပါ။ ဒါပေမယ့် ဘယ်တောင်ပံကနေ ကျွမ်းကျင်မှုကောင်းကောင်းနဲ့ထိုးဖောက်ကစားမှုတွေကို ဒီရာသီမှာ ဆက်တိုက်မြင်နေရပြီဖြစ်ပါတယ်။ သူဂိုးသွင်းယူထားတဲ့အသင်းတွေထဲမှာလည်း ထိပ်တန်းအသင်းကြီးတွေပါဝင်နေတာဖြစ်လို့ ပိုပြီးတော့နာမည်ထွက်လာတာလဲဖြစ်ပါတယ်။ ဘိုင်ယန်ကိုသွင်းယူတဲ့ဂိုးကလည်းသူ့ရဲ့အကင်းပါးမှုကိုဖော်ပြနေပါတယ်။
လက်ရွေးစင်အသင်းနဲ့လဲ ၆ ပွဲကစား ၂ ဂိုးသွင်းထားတဲ့နယ်သာလန်သားဟာ ပရိုဘဝကို ပီအက်ဗီနဲ့အတူစတင်ခဲ့ပေမယ့် အောင်မြင်မှုတော့မရခဲ့။ ပီအက်ဗီအလွန်မှာ NEC ၊ ဘရုဂေး စတဲ့အသင်းတွေဆီဆက်တိုက်ခြေဆန့်ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်အသင်းနဲ့အတူ ၂ ရာသီခန့်ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စပိန်မြေဆီသူပြောင်းခဲ့ပါတယ်။ အခုထက်ထိကလပ်ကစားသမားဘဝမှာ ၁၄၃ ပွဲကစားပြီး ၅၁ ဂိုးသွင်းပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီဟာ သူ့အတွက်အတောက်ပဆုံးလို့ပြောနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာတန်းဆင်းရတဲ့ ကစားသမားတစ်ယောက်ဟာ ချန်ပီယံလိဂ်မှာတော့ တောက်ပနေပြီဖြစ်ပါတယ်။
လက်ရှိဗီလာရီးရဲနည်းပြ အမ်မရီရဲ့ ယုံကြည်မှုကိုရရှိထားတဲ့ ဒန်ဂျူးမားဟာ ဗီလာရီးရဲနဲ့အတူ ဘယ်လောက်ထိဆက်ပြီးတောက်ပနိုင်မလဲဆိုတာကြည့်ရပါမယ်။ ဘိုင်ယန်ကို အိမ်ကွင်းမှာ ၁ – ၀ နဲ့နိုင်တယ်ဆိုတာ ဘာမှခိုင်မာတဲ့အာမခံချက်မဟုတ်သေးပါဘူး။ ဒါပေမယ့် လက်ရှိခရီးစဥ်မှာတင် သူက သက်သေပြစရာရှိတာတော့ပြထားပြီးဖြစ်ပါတယ်။ တကယ်လို့သာ နောက်ရာသီမှာ အသင်းကြီးတစ်သင်းရဲ့ ဂျာစီနဲ့သူ့ကိုတွေ့ရရင်လဲသိပ်တော့ထူးဆန်းမှာမဟုတ်ပါဘူး။

Leave a Reply