ဒဏ်ရာရ ကစားသမားတွေများပြားလာတာဖြစ်လို့ နည်းဗျူဟာမျိုးစုံပြောင်းပြီးကစားရဖို့စဥ်းစားကြတဲ့အခါ လက်ရှိကစားနိုင်သူတွေထဲမှာ ဘယ်သူက နေရာစုံကစားနိုင်လဲဆိုတဲ့အချက်က အရေးပါလာပြန်ပါတယ်။ ဆာကာဟာ တိုက်စစ်မှာနေရာစုံကစားနိုင်သလို ဆဲဒရစ်ကလည်း ဘက်ပြောင်းကစားနိုင်ကြောင်းထုတ်ပြောထားပါတယ်။ ဒါပေမယ့် အားလုံးမျက်စေ့မှောက်နေကြတာက ဘန်ဝှိုက်ဖြစ်ပါတယ်။ ဘန်ဝှိုက်ဟာ နည်းစနစ်အားဖြင့် ကွင်းလယ်ခံစစ် ၊ ညာအစွန်နဲ့ ဗဟိုနောက်ခံလူတွေအဖြစ်ကစားနိုင်သူဖြစ်ပါတယ်။
ဒီအချက်ဟာ အာတီတာကို အလွန်အထောက်အကူပေးနိုင်မှာဖြစ်သလို ဘန်ဝှိုက်ရဲ့စွမ်းဆောင်ရည်ကိုလည်း မှတ်ကျောက်တင်ရမယ့်ကာလဖြစ်ပါတယ်။ သူ့ရဲ့ နည်းပြဟောင်းကလည်း ဝှိုက်ရဲ့ အဖျက်ကစားဟန်နဲ့ တည်ငြိမ်မှုအတွက်ချီးကျူးဖူးပါတယ်။ ဒါပေမယ့် သူ့မှာ အားသာချက်ချည်းပဲရှိနေတာမဟုတ်ပါဘူး .. သိသာတဲ့အားနည်းချက်လဲရှိပါတယ်။ အမြင်သာဆုံးအချက်ကတော့ Recovery Run တွေဖြစ်ပါတယ်။ အခုထက်ပိုပြီး နဲနဲလောက်အသေးစိတ်လေ့လာရအောင်ပါ။
ဘန်ဝှိုက်ဟာ Proactive Player အမျိုးအစားဖြစ်ပါတယ်။ ဒီအချက်ကို ဂါဘရီယယ်နဲ့ နှိုင်းယှဥ်ရင်ပိုသိသာပါတယ်။ သူဟာ ခွန်အားသုံးပြီးတဖက်ကို ဟန့်တားဖို့ထက် ၊ တဖက်ကစားသမားရဲ့ လုပ်ဆောင်လာနိုင်ခြေကို ကြိုတင်တွက်ဆကာ တားဆီးတတ်သူဖြစ်ပါတယ်။ ဒီအချက်ကို ဘရိုက်တန်ကစားသမားဘဝတုန်းက ဝုဗ်ရဲ့ ပိုဒန့်စ်ကို တစ်ဦးခြင်း အလွယ်တကူတားဆီးနိုင်ခဲ့တဲ့အချိန်မှာမြင်သာမှာပါ။ ဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တွေမှန်ရင် တဖက်တိုက်စစ်ကိုကောင်းစွာဟန့်တားနိုင်သလို ၊ သူမှားရင်လဲ အားလုံးက ဟာလာဟင်းလင်းဖြစ်တတ်ပါတယ်။ ဒီအကြောင်းကိုတော့ သိပ်ရှင်းပြစရာလိုမယ်မထင်ပါဘူး။ အာဆင်နယ်အသင်းရဲ့ In Play ပေးဂိုးတွေမှာဆိုရင် တွေ့ရလေ့ရှိပါတယ်။ စာရေးသူ အမှတ်မမှားရင် ဝုဗ်နဲ့ အိမ်ကွင်းပွဲကို ပြန်ကြည့်စေချင်ပါတယ်။

သူ့ရဲ့ အခြားသော အားနဲ့ချက် ၂ ခုကတော့ အမြင့်ဘောနဲ့ Recovery Run လို့ခေါ်တဲ့ ပြန်လိုက်ဆည်ခြင်း ဖြစ်ပါတယ်။ ဒီအချက် ၂ ချက်ကိုသာ တဖက်အသင်းရဲ့ Number 9 က အသုံးချနိုင်ရင် ဘန်ဝှိုက်ဟန်ချက်ပျက်ပါတယ်။ လောလောလတ်လတ်ပွဲတွေမှာလည်းမြင်ရမှာပါ။ ဒါကြောင့် သူ့ဘေးနားမှာ ဂါဘရီယယ်ကိုလိုအပ်တာဖြစ်ပါတယ်။
ဒါတွေကအားနဲချက်တွေပါ။ သူ့ရဲ့အားသာချက်ကတော့ ဉာဏ်ရည်မြင့်ကစားသမားဖြစ်လို့ တဖက်အသင်းကစားကွက်ကို ကောင်းစွာဖမ်းယူနိုင်တာပဲဖြစ်ပါတယ်။ ပြိုင်ဖက်ရဲ့ Short Passing Option ကိုကြိုသိလို့ အာဆင်နယ်သက်သာရာ ရခဲ့တာတွေကလဲမနဲပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုတုန်းက ဘလက်ဘန်းအသင်း ဂန္တဝင် နောက်ခံလူ လီဆောက်က နောက်တန်းကနေပြီး Play Maker အဖြစ်ကစားခဲ့တာကိုလည်း ပြန်အမှတ်ရစရာပါ။ ဘန်ဝှိုက်ဟာ သူ့ကိုသာ ကာဗာလုပ်ပေးမယ့်ကစားသမားရှိရင် အသင်းအတွက် Extra Play Maker ဖြစ်ပါတယ်။ မာတင်အိုဒီဂတ်ရဲ့ Function အချို့အထိပါ လိုက်လံကူညီနိုင်သူဖြစ်ပါတယ်။ သူ့ဆီကနေ Pre Assist များစွာကို မျှော်လင့်လို့ရပါတယ်။
အကယ်၍သာ ဂါဘရီယယ် ထပ်မနာဘူး ၊ Anchor နေရာဝင်ကစားတဲ့ဘယ်သူဖြစ်ဖြစ် ခြေပေါ်မယ်ဆိုရင် ဘန်ဝှိုက်ဟာ ထင်မှတ်မထားတဲ့ အာတီတာရဲ့ Technical Alternative ဖြစ်လာဖို့ရှိပါတယ်။
အာဆင်နယ်ဂန္တဝင် လီဒစ်ဆွန်က လည်း ဝှိုက်နဲ့ပတ်သတ်ပြီး လောလောလတ်လတ်မှတ်ချက်ပြုထားပါသေးတယ်။
“ သူ့ရဲ့တည်ငြိမ်မှုက လူအချို့ကို အံ့အားသင့်စေပါတယ်။ သူဟာ လူ ၅ ယောက်လောက်ကို ကန်ချက်တစ်ချက်ထဲနဲ့ ထိမ်းကျောင်းနိုင်ပါတယ် .. ဒီစွမ်းဆောင်ရည်ကလည်း တသမတ်ထဲရှိပါတယ် “ လို့ ချီးကျူးတဲ့အပြင် “ သူ့ရဲ့နေရာယူပုံက အတွင်းညာခြမ်းခပ်ယွန်းယွန်းမှာ အမြဲရှိပါတယ်. အာဆင်နယ်က High Line ကစားတဲ့အသင်းမဟုတ်လား … သူတို့နောက်ကျောလုံဖို့လိုတယ် .. ဘန်ဝှိုက်ကို သူတို့ယုံကြပါတယ် “ လို့ လည်း နည်းစနစ်ပိုင်းဆိုင်ရာအရ အရေးပါပုံကိုထောက်ပြခဲ့ပါတယ်။
ဒစ်ဆွန်က အကောင်းမြင်တဲ့ဖက်ကို ယိမ်းပေမယ့် အာတီတာအသုံးပြုနေပုံနဲ့တော့ ဆက်စပ်မှုရှိပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ သူ့ရဲ့ ကြိုတင်တွက်ဆမှုမှားသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ နေရာလွတ်တွေပါပဲ။

Leave a Reply