မက်ဆီမန်ကို ခေါ်ယူချင်ရင် အာတီတာမှာ အခွင့်အရေးရှိနေ
နယူးကာဆယ်အသင်းဟာ သူတို့ရဲ့ ကစားသမား စိန့်မက်ဆီမန်ကို သန်း ၅၀ ခန့်ရရှိပါကရောင်းချနိုင်တယ်လို့ Daily Mail က ဖော်ပြလာပြီးတဲ့နောက် ၊ အာတီတာအနေနဲ့ လီနိုကို အသုံးချပြီးခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း Football London ကဖော်ပြလာပါတယ်။ နယူးကာဆယ်ဟာ အာဆင်နယ်ကို ထွက်ခွာဖို့သေချာသလောက်ရှိနေပြီဖြစ်တဲ့ လီနိုကို လိုချင်နေတာဖြစ်လို့ ဒီနှစ်သင်းကြား Business Deal တစ်ခုဖြစ်ပေါ်လာပါက တောင်ပံကစားသမားကိုလည်း အမ်းမရိတ်ဆီကို ခေါ်ယူဖို့အခွင့်အလမ်းရှိနေတာဖြစ်ပါတယ်။
အေဘရာဟမ်ကို အာဆင်နယ်ခေါ်ယူသင့်ကြောင်း ဆောင်းပါးရှင် ရေးသား
လက်ရှိရိုးမားအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကစားသမား တမ်မီအေဘရာဟမ် က သူဟာ လန်ဒန်သားဖြစ်ကြောင်း ၊ တချိန်မှ အဂ်လန်ပြန်လာနိုင်ကြောင်းပြောဆိုအပြီးမှာ Express UK ရဲ့ဆောင်းပါးရှင် Sam Smith က အာဆင်နယ်အနေနဲ့ သူတို့ရဲ့ ပစ်မှတ်ဟောင်းကို ခေါ်ယူဖို့ကြိုးစားသင့်ကြောင်းပြောဆိုလာခဲ့ပါတယ်။ ဆောင်းပါးရှင်က တမ်မီဟာ အာဆင်နယ်ရဲ့ လိုအပ်ချက်အတွက် ကွက်တိအံဝင်နိုင်သူအဖြစ် မှတ်ချက်ပြုရေးသားထားတာဖြစ်ပါတယ်။

မိုက်ဒင်းကြိုက်တဲ့ အာဆင်နယ်ဂန္တဝင်များ
ပရီးမီးယားလိဂ်ရဲ့ ဝါရင့်ဒိုင်လူကြီးဖြစ်တဲ့ မိုက်ခ်ဒင်းက အာဆင်ဝင်းဂါးဟာ သူ့အတွက်ဖိအားဖြစ်စေတဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်ကြောင်းဝန်ခံခဲ့သလို အာဆင်နယ်အသင်းရဲ့ကစားသမားတွေဟာလည်း သူ့အကြိုက်ဆုံးတွေဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။
“ သီယာရီအွန်နရီ ၊ ဘားကင်းနဲ့ ဗီအဲရာတို့ရဲ့အချိန်တွေပေါ့ဗျာ … သူတို့ကစားနေကြချိန်တွေဟာ ဘောလုံးပွဲတွေကို ခံစားဖို့ အကောင်းဆုံးပါပဲ “ လို့ ပြန်ပြောင်းပြောပြလာတာဖြစ်ပါတယ်။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဒင်းဟာ နောက်ရာသီမှာ VAR ဒိုင်အဖြစ်လုပ်ကိုင်တော့မှာဖြစ်တယ်လို့ သတင်းတွေရှိထားပေမယ့် ကာယကံရှင်ကတော့ အတည်မပြုသေးပါဘူး။
ဖူဟမ်လူငယ်ကို အာဆင်နယ်ခေါ်ယူ
အာဆင်နယ်အသင်းဟာ ဖူဟမ်အသင်းကနေ ထွက်ခွာလာတဲ့အသက် ၁၆ နှစ်အရွယ် နောက်ခံလူ မာလ်ဒီနီကာကူရီကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ကြောင်း Football London မှာ Chirs Wheatley က ဖော်ပြလာပါတယ်။ အာဆင်နယ်လူငယ်သတင်းများကို တစိုက်မတ်မတ်တင်ဆက် နေတဲ့ Jeorge Bird ကလဲ ကာကူရီဟာ အာဆင်နယ်မှာ ပညာသင်လူငယ်အဖြစ် ဆက်လက်ဖြတ်သန်းရမှာ ဖြစ်ကြောင်းထပ်မံဖြည့်စွက်ပြီးရေးသားလာခဲ့ပါတယ်။
အမ်မရီပြန်ပြောပြလာတဲ့ ကြယ်ပွင့်လေးများအကြောင်း
အာဆင်ဝင်းဂါးအလွန်မှာ ဂန်းနားတို့ရဲ့မန်နေဂျာဖြစ်ခဲ့တဲ့ အူနိုင်းအမ်မရီဟာ လက်ရှိခြေစွမ်းပြနေတဲ့ လူငယ်တသိုက်အကြောင်းကို The Athletic နဲ့တွေ့ဆုံစဥ်မှာ အခုလိုပြန်လည်ပြောကြားလာခဲ့ပါတယ်။
“ သူတို့လေးတွေက တကယ်ကိုပဲပြောင်းလဲသွားခဲ့ကြပါပြီ။ ကျွန်တော်ရှိစဥ်တုန်းက ဆာကာနဲ့စမစ်ရိုးက စပြီး ကစားခွင့်ရခါစလူငယ်တွေပါ။ ဆာကာကို သူ့အသက် ၁၇ နှစ်အရွယ်မှာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ဖူဟမ်နဲ့ပွဲစဥ်မှာ ကစားစေခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ထွက်သွားတဲ့ကစားသမားတွေနေရာအစားထိုးဖို့အတွက် သူတို့နဲ့အလုပ်လုပ်ခဲ့ရပါတယ်။ ပြီးတော့ မာတင်နယ်လီရောက်လာတယ်။ အဲ့ဒီအချိန်ထဲက သူတိုးတက်လာမယ်ဆိုတာ ကျွန်တော်သိထားပြီးသားပါ “ ဆိုပြီး ပြန်လည်ပြောပြလာတာဖြစ်ပါတယ်။

Leave a Reply