လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူနဲ့ အားကစားအစီအစဉ်တင်ဆက်သူ ကာရေဂါက အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ အဆင့်လေးနေရာ၀င်ဖို့ နေရာကောင်းတစ်ခုမှာ ရှိနေသေးတယ်လို့ ယုံကြည်နေပြီး ခရစ္စတယ်ပဲ့လေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပေါ် အာတီတာတို့ အဖွဲ့တွေအနေနဲ့ အကြောက်လွန်စရာ မလိုဘူးလို့ ဆိုပါတယ်။
နယူးကာဆယ်ကို ငါးဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့ တော့တင်ဟမ် ဟော့စပါးက အနိုင်ရပြီး အဆင့်လေးနေရာကို တက်လှမ်းခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး မြို့ခံပြိုင်ဘက်ဆီကနေ ပြန်လုယူဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပါးက အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်လေးနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
ဒီရှုံးပွဲကြောင့် အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေဟာ ပိုမို ခက်ခဲသွားခဲ့ပြီး စပါး၊ချဲလ်ဆီးတို့လို အနီးကပ်ဆုံးပြိုင်ဘက်တွေနဲ့လည်း ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေပါတယ်။ လာမယ့် သီတင်းပတ်တွေဟာ အာတီတာအတွက်တော့ အရမ်းကို ခက်ခဲမယ့် ကာလတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့ စပါးထက်တစ်ပွဲပိုကစားရဖို့ ရှိနေသေးတာကြောင့် ကာရေဂါက လက်ရှိအချိန်ဟာ အစိုးရိမ်လွန်ရမယ့် အချိန်မဟုတ်သေးဘူးလို့ ဆိုပါတယ်။

Daily Mailနဲ့ တွေ့ဆုံမှုမှာ ကာရေဂါက ခုလို ဆိုလာခဲ့ပါတယ်။
“အာဆင်နယ်အတွက် ဆိုးရွားတဲ့ ညတစ်ညပါပဲ။ ရလဒ်သုံးမှတ်ဆုံးရှုံးခဲ့လို့ မဟုတ်ပါဘူး၊သူတို့ကစားခဲ့တဲ့ ပုံစံအတွက်ရော တကယ်ကို ဆိုးရွားခဲ့တာပါ။”
“ဒါပေမယ့် အရေးကြီးတာက သူတို့ အစိုးရိမ်မလွန်ဖို့၊ဆောက်တည်ရာမရ ဖြစ်မနေဖို့ပါပဲ။သူတို့က တကယ်ကောင်းတဲ့ နေရာမှာ ရှိနေပါသေးတယ်။ မန်ယူ၊စပါးတို့ထက် ကောင်းတဲ့ အဆင့်မှာ ရှိနေပါသေးတယ်။ပဲလေ့စ်နဲ့ ပွဲမတိုင်မီလည်း အဝေးကွင်းငါးပွဲဆက် အနိုင်ယူခဲ့ပါသေးတယ်”
ဒီလိုမျိုး ဂိုးပြတ်အရေးနိမ့်ရတာဟာ ကစားသမားတွေအတွက် တကယ်ကို စိတ်ပျက်စရာကောင်းမှာပါ။ဒါပေမယ့်လည်း ဒီလိုအရေးကြီးနေတဲ့ အခြေအနေမျိုးမှာတော့ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိတော့ပါဘူး။ နောက်ပွဲတွေမှာ အနိုင်ရအောင်ကစားရမှာပါ။ခုအချိန်မှာ အာရုံစိုက်ရမယ့် တစ်ခုတည်းသော အရာကတော့ လက်ကျန်ကိုးပွဲပါပဲ “ လို့ဆိုခဲ့ပါတယ်။
အာတီတာက တော့ ဖိအားတွေက အခုမှရှိနေတာမဟုတ်ပဲလွန်ခဲ့တဲ့ရက်သတ္တပတ်တွေထဲက ရှိနေခဲ့တာဖြစ်ကြောင်း ပဲလေ့စ်ကိုရှုံးတဲ့ပွဲအပြီးမှာ ပြောကြားလာခဲ့ပါတယ်။

Leave a Reply