ခရစ္စတယ်ပဲလေ့စ်ကို သုံးဂိုးပြတ်ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်မှာ အသေအချာပါပဲ။ မန်နေဂျာနဲ့အသင်းသား တွေအတွက်လည်း စိတ်ပျက်လက်ပျက်ရလဒ်တစ်ခုနဲ့အတူ လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံး စွမ်း ဆောင်နိုင်ဖို့အတွက် ဖိအားများလာခဲ့ပါပြီ။
ဒီရှုံးပွဲကြောင့် လက်ကျန်ပွဲစဉ် ၉ပွဲမှာ အာဆင်နယ်အနေနဲ့ အမှားအယွင်းထပ်လုပ်လို့ မရတော့သလို အရေးကြီးတဲ့ အချိန်မှာမှ အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေ တိုးလာတာကလည်း ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပွဲပြီး မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာတော့ မေးမြန်းလာတဲ့ အကြောင်းအရာအချို့နဲ့ပတ်သက်ပြီး အာတီတာ ဖြေကြားထားတာကို ထုတ်နှုတ် တင်ပြလိုက်ရပါတယ်။
တကယ်ကို ဆိုရွားတဲ့ ညတစ်ညဖြစ်ခဲ့သလား
“အမှန်ပါပဲ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ဒါပေမယ့် ပထမဆုံးအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို သူတို့ရဲ့ အနိုင်ရလဒ်အတွက်ရော၊စွမ်းဆောင်ရည်အတွက်ပါ ဂုဏ်ပြုချင်ပါတယ်။ကျွန်တော်တို့အနေနဲ့ သူတို့ကို မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။အထူးသဖြင့် ပထမပိုင်းမှာပေါ့။အရမ်းကို ဆိုးရွားတဲ့ သွင်းဂိုးနှစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတယ်၊ ပြောရမယ့်ဆိုရင် လက်ခံနိုင်စရာတော့ ဘာမှမရှိပါဘူး။ကျွန်တော်တို့အနေနဲ့ ရလဒ်အတွက် တောင်းပန်ပြီး အားလုံးပြန်စုစည်းရမယ်။ မနက်ဖြန်က နေ့သစ်တစ်ရက်ဖြစ်ပြီး ဘရိုက်တန်နဲ့ ပွဲအတွက် ပြင်ဆင်ရပါမယ်”
ထိပ်သီးလေးသင်းစာရင်း၀င်ဖို့ ဖိအားများသလားဆိုတဲ့အပေါ်
“ဖိအားက ခုမှရှိနေတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သီတင်းပတ် ခုနစ်ပတ်၊ရှစ်ပတ်လောက်ကတည်းက ရှိနေခဲ့တာပါ။ဒီအကြောင်းပဲ ကျွန်တော်တို့ အမြဲပြောနေကြတာ ဖြစ်သလို ကောင်လေးတွေကလည်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး ရလဒ်ကောင်းတွေ ရခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။နေရာတိုင်းမှာ ပြိုင်ဘက်ထက် နောက်ကောက်ကျနေခဲ့တယ်၊အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ဒုတိယပိုင်းမှာတော့ အရင်ပွဲတွေမှာ ကစားခဲ့သလိုမျိုး ပြန်ကစားနိုင်ခဲ့တယ်။ အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့တာကြောင့် ပြိုင်ဘက်ကို အကောင်းဆုံးပြန်ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။”

အသင်းရဲ့ လူစာရင်း ကြီးကြီးမားမား မရှိတဲ့အပေါ်
“ဒါ ကျွန်တော်တို့မှာ ရှိတဲ့လူစာရင်း၊ နံပါတ် အကုန်ပါပဲ။ကျွန်တော်တို့ တီယာနေးလ်ကို ဆုံးရှုံးထားခဲ့ပြီး အခုပါတေးကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ကျန်နေတဲ့သူတွေဟာ ရာသီအစကတည်းက ကြိုးစားနေခဲ့တဲ့အတိုင်း ဆက်ကြိုးစားနေကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ တောင့်တင်းတဲ့လူစာရင်း ဘယ်တုန်းကမှ မရှိခဲ့တဲ့အတွက် ဒါကို ဆင်ခြေပေးလို့တော့မရပါဘူး”
တီယာနေးလ်ရာသီကုန်အထိ အနားယူရနိုင်ချေရှိတဲ့အပေါ်
“မနက်ဖြန်မှာ စပါယ်ရှယ်လစ်တစ်ယောက်နဲ့ သူ့ကို ပြသဖို့ ရှိပြီး ဒဏ်ရာဘယ်လောက်ထိ ပြင်းထန်လဲဆိုတာ သေချယသိရမှာပါ။သူ့မှာ ကောင်းတဲ့ခံစားချက်လည်း မရှိသလို ဓာတ်မှန်မှာလည်း ဒဏ်ရာရဲ့အခြေအနေက သိပ်မကောင်းပါဘူး။ဒါပေမယ့် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့”
ပါတေးရဲ့ ဒဏ်ရာအပေါ်
“ကျွန်တော်သေချာတော့မသိပါဘူး။ဒါပေမယ့် သူပြောပုံအရ အရင်ဒဏ်ရာဟောင်းက ပြန်နာကျင်နေတဲ့ပုံပါပဲ။ဒါကြောင့် ပေါ့သေးသေးတော့ မဟုတ်ပါဘူး”

အသင်းရဲ့ကစားသမားများဟာ အတွေ့အကြုံနုနယ်တာကြောင့် ရှုံးနိမ့်ခဲ့တာလား ဆိုတဲ့အပေါ်
“ကောင်လေးတွေက တကယ်ကို ကောင်းကောင်းကစားနေနိုင်ခဲ့တာပါ။ဒါကြောင့် သူတို့တစ်ခုခုလုပ်လိုက်တဲ့အခါ ငယ်သေးတာကြောင့်လို့ ပြောရင် မမျှတရာ ကျမယ်လို့ ခံစားမိပါတယ်။သူတို့ဟာ အရမ်းကောင်းကောင်းကစားနေခဲ့ကြတယ်၊ ဖိအားတွေအောက်မှာ ရှိနေပြီး ကျွန်တော်တို့ ညွှန်ကြားသလို အမြဲလုပ်နေရတာပါ။ဒီနေ့မှာတော့ မလုပ်နိုင်ခဲ့ဘူး ၊ဒီလောက်ပါပဲ”
စပါးက အာဆင်နယ်ရဲ့ အပေါ်မှာ ရှိနေတာနဲ့ ပတ်သက်ပြီး
“ကျွန်တော်တို့လက်ထဲမှာ (စပါးထက်ပိုကစားဖို့) တစ်ပွဲရှိနေပါသေးတယ်။ကျွန်တော်တို့ ကစားဖို့လည်း လိုအပ်ပါတယ်၊လက်ကျန်ကိုးပွဲကျန်သေးပြီး အများကြီး ဖြစ်သွားနိုင်ပါတယ်။ကျွန်တော်တို့ အချင်းချင်း(စပါးနဲ့)ကစားဖို့လည်း ကျန်သေးပြီး ကစားပွဲအကြီးကြီးတွေကို ယှဉ်ပြိုင်ရဦးမှာပါ။လောလောဆည် ကျွန်တော်တို့ အာရုံစိုက်ရမှာက ကိုယ့်ကိုယ်ကိုပါပဲ။ ပြဿနာက စပါးမဟုတ်ပဲ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ၊ပထမပိုင်းမှာကစားခဲ့တဲ့ ပုံစံက ပြဿနာပါပဲ”
Leave a Reply