လက်ရှိရာသီ ဘွန်ဒက်စ်လီဂါဟာ ပွဲ၂၀ကစား ဂိုး၂၀သွင်းယူပြီး နာမည်ကြီး ဟာလန်းထက်ကို ဂိုးပိုသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးရှိပါတယ်။ သူ့ရဲ့ နာမည်ကတော့ ပက်ထရစ်ရှစ်ခ်ပဲ ဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါမှာ ပက်ထရစ်ထက် ဂိုးပိုသွင်းယူထားနိုင်တဲ့သူဆိုလို့ ဘိုင်ယန်ဂိုးမုဆိုး လီ၀န်ဒေါစကီးပဲ ရှိပါတော့တယ်။
လာမယ့် နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူး ရှာပုံတော်ဖွင့်ရမယ့် အာဆင်နယ်ဟာ တစ်ပွဲကို တစ်ဂိုးနှုန်းသွင်းယူထားနိုင်တဲ့၊ အသက်အရွယ်နဲ့ အတွေ့အကြုံအားဖြင့် အကောင်းဆုံးအချိန်မှာ ရှိနေတဲ့ အသက်၂၆နှစ်အရွယ် ကစားသမားတစ်ဦးကို စိတ်၀င်စားနေတယ်ဆိုတာ မဖြစ်နိုင်စရာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က သိပ်တော့ လွယ်ကူလှမှာ မဟုတ်ပါဘူး။
ပက်ထရစ်ရဲ့ အသင်းဖော်ဖြစ်သူ ဖာနန်ဒိုကာရိုကတော့ ပက်ထရစ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလာခဲ့ပါတယ်။ ချက်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းက ဂျာမနီမြေမှာ သုံးနှစ်ကျန်နေပါသေးတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေက စပြီး သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူ၊ ဘာစီလိုနာတို့လို ဥရောပထိပ်သီး အသင်းတွေကပါ ပထရစ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေကြပြီး လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားလာခဲ့ရင် လေဗာကူဆင်အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဖော် ဖာနန်ဒိုကတော့ ပက်ထရစ်ဟာ လာမယ့် နှစ်အနည်းငယ်အထိ အသင်းကနေ ထွက်သွားမှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။
“ကျွန်တော်တို့ သူ့ကို ရောင်းချသွားမှာမဟုတ်ပါဘူး။ဒါကြောင့် ဒီအကြောင်းပြောနေစရာ ဘာမှကိုမလိုပါဘူး။ သူက ကျွန်တော်တို့နဲ့ လုံး၀ကို အဆင်ပြေပြေ ရှိနေပါတယ်။နောက်လာမယ့် နှစ်တွေအတွက် အသင်းရဲ့ အစီအစဉ်တွေမှာလည်း သူ့အပေါ် ကျွန်တော်တို့ အားကိုးနေကြတာပါ”
ပက်ထရစ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က ရိုးမားကနေ လေဗာကူဆင်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လေဗာကူဆင်အတွက် ပွဲ၆၀ကစားပေးထားကာ ၃၃ဂိုးသွင်း ၅ကြိမ်ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရနေပြီး အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ထားပါတယ်။
အာဆင်နယ်ကတော့ စာချုပ်သက်တမ်းသုံးနှစ်ကျန်နေသေးပေမယ့် ပက်ထရစ်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
Leave a Reply