ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ၁၄ နှစ် ၁၅ နှစ်အရွယ်ကစားသမားလေးတွေကို အာဆင်နယ်ကစာချုပ်ချုပ်ဆိုတဲ့သတင်းတွေကို မြင်ရပါတယ်။ အငှားချကစားသမားလေး နော်တန်ကတ်ဖီတစ်ယောက် လူကြီးတစ်ယောက်လိုခြေစွမ်းပြနေတာကိုဆက်တိုက်တွေ့ရပါတယ်။ မြင်ရဖန်များတဲ့အခါ ဒါတွေက ထူးခြားလှတဲ့သတင်းတွေမဟုတ်။ ဆာကာ နဲ့စမစ်ရိုး တို့ရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်တို့ လူငယ်မွေးမြူရေးကို အားထည့်နေတယ်ဆိုတာ သိသာတဲ့ဖြစ်စဥ်တွေပဲဖြစ်ပါတယ်။ သို့သော် ဒီနေ့မနက်သတင်းအသစ်တွေမှာတော့ အားလုံးကို လှုပ်ခတ်သွားစေတဲ့အရာတွေထပ်မံ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့တာက ၁၅ နှစ်အရွယ်လူငယ်လေး ၂ ယောက်က U18 အသင်းနဲ့အတူ ခြေစွမ်းပြသွားကြတဲ့ အကြောင်းပဲဖြစ်ပါတယ်။
အသက် ၁၄ နှစ်သာရှိသေးတဲ့ နဝမ်နာရီနဲ့ အသက် ၁၅နှစ်အရွယ် မာသီးယပ်စ်ရောဘတ်တို့ဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရရှိတဲ့ပွဲမှာ ကိုယ်စီဂိုးသွင်းယူနိုင်ခဲ့ပြပြီးနောက် သူတို့ကို မီဒီယာများစွာမှာ ချီးကျူးနေကြပါတယ်။ နဝမ်နာရီ ကိုဆိုရင် Football London က နောက်ထပ် စမစ်ရိုးတစ်ယောက် ရရှိခဲ့ပြီဆိုပြီး ခိုင်းနှိုင်းရေးသားလာသလို Daily Cannon ကလည်း မာသီးယပ်စ်ကို အံ့သြစရာ ၁၅ နှစ်သားအဖြစ်ချီးကျူးထားပါတယ်။
နိုင်ဂျီးရီးယားနွယ်ဖွားကွင်းလယ်တိုက်စစ်သမားလေးနဝမ်နာရီဟာ အခုမှ အာဆင်နယ် U18 အတွက် တတိယမြောက်ပွဲသာကစားရသေးတာဖြစ်ပေမယ့် ခြေစွမ်းပြနိုင်နေပြီဖြစ်သလို အဂ်လန် U16 အသင်းနဲ့လဲပွဲထွက်ကစားထားခဲ့ပြီဖြစ်ပါတယ်။ မာသီးယပ်စ်ရောဘတ်ကတော့ နောက်ဆုံး ၃ ပွဲကစားရာမှာ ဂိုးသွင်းမှုနဲ့ဖန်တီးမှု စုစုပေါင်း ၃ ကြိမ်ကိုပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ နဝန်နာရီကတော့ ၄ ပွဲကစားပြီး ၄ ဂိုးထိကိုသွင်းယူထားနိုင်တာဖြစ်ပါတယ်။ U18 အဆင့်ကိုတက်ကစားနေကြတဲ့ ၁၅နှစ်နဲ့ ၁၄ နှစ်သားတို့ရဲ့ခြေစွမ်းတွေဟာ အနာဂတ်အာဆင်နယ်အတွက် အားတက်စရာဖြစ်သလို သူတို့သွားနေတဲ့လမ်းကြောင်းကိုလည်းပိုမိုပေါ်လွင်လာစေပါတယ်။
တဖက်မှာလည်း ဘာလိုဂန်က ဘိုရိုမှာကစားရင်း စီနီယာအဆင့်မှာ ခြေစွမ်းမှန်စပြုပြီလို့ပြောရပါမယ်။
ဆာကာနဲ့ စမစ်ရိုးတို့အလွန် အနီးဆုံးပွဲထွက်လာကြမယ့် အသုတ်အဖြစ် အဇီး ၊ ပါတီနို ၊ ဘာလိုဂန် ၊ ဟတ်ချီဆန်တို့ရှိနေသလို သူတို့ရဲ့နောက်မှာလည်း အရေအတွက်မနဲလှတဲ့လူငယ်လေးတွေအများကြီးကိုမြင်နေရပါတယ်။ ကျွန်တော်ရေးတာတောင်နာမည်တွေကျန်ဦးမှာပါ။ ဒီအတိုင်းဆိုရင် ဆာကာနဲ့ စမစ်ရိုးတို့ဟာ ခပ်မြန်မြန်ပဲစီနီယာတွေတောင်ဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။
ရီးရဲမက်ဒရစ်လို့ပြောလိုက်ရင် ကြယ်စင်စု ၊ ဘာစီလိုနာလို့ပြောလိုက်ရင် ခန်းနားတဲ့ကစားဟန် ၊ အေဂျက်စ်အသင်းလို့ဆိုလိုက်တာနဲ့ လူငယ်မွေးထုတ်နိုင်စွမ်းတွေကို တွဲပြီးမှတ်မိနေကြသလို အာဆင်နယ်အသင်းဟာလည်း ဟေးအန့်အကယ်ဒမီကို သူတို့ရဲ့ပြယုဂ်ဖြစ်အောင်ဖန်တီးနေပြီလားဆိုတာကတော့ မသေချာသေးပေမယ့် ၊ ကြီးမားတဲ့အခန်းကဏ္ဏကနေပါဝင်နေပြီဆိုတာကတော့ သေချာပေါက်ပြောလို့ရနေပါပြီ။ အခုလဲ အမှောင်ဆုံးအချိန်ကနေ အသင်းကို ဆွဲတင်လာကြတာ သူတို့ပဲမဟုတ်လား။
Leave a Reply