လာမယ့်နွေရာသီမှာ အသင်းကနေ လာကာဇက် ထွက်ခွာဖြစ်ခဲ့ရင် ကပ္ပတိန်လက်ပတ်ကို ဆက်ခံသူအသစ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ရာထူးအတွက် ရေပန်းအစားဆုံး ကစားသမားတွေကတော့ အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် တီယာနေး၊ ရမ်ဒေးလ်၊ ဘန်ဝှိုက်နဲ့ အိုဒီဂတ်တို့ ဖြစ်ပါတယ်။
ကပ္ပတိန်လက်ပတ်နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ မေ့ထားတတ်တဲ့ ကစားသမားတစ်ဦးရှိပါတယ်။ သူကတော့ ဂါနာသားကြီး သောမတ်စ်ပါတေးပဲ ဖြစ်ပါတယ်။ဒီတော့ ဘာလို့ ပရိသတ်တွေက ပါတေးကို မေ့ထားကြတာလဲ၊ အာတီတာကကော ပါတေးကို မေ့ထားလား၊ အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ ပါတေးရဲ့ လွှမ်းမိုးမှုကဘယ်လိုရှိသလဲ ၊စဉ်းစားကြည့်စရာပါပဲ။
အာဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေမှာ အဓိကအကျဆုံးကစားသမားတွေထဲက တစ်ဦးကို ပြောပြပါဆို သောမတ်စ်ပါတေးဆိုတဲ့ နာမည်ဟာ မပါမဖြစ်ပါပဲ။ လူငယ်ကြယ်ပွင့်များဖြစ်တဲ့ ဆာကာ၊ မာတင်နယ်လီတို့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရတဲ့ နေ့စွဲတွေသာ ရှိရင်ရှိမယ်။ ဘန်ဝှိုက်၊ရမ် ဒေးလ်၊တီယာနေးလ်၊ဂါဘရီယယ်တို့ရဲ့ နောက်တန်းက အမှားများတဲ့ နေ့တွေ ရှိရင် ရှိမယ်။ ပွဲစဉ်တိုင်းမှာ ပါတေးရဲ့ ခြေစွမ်းကတော့ အမြဲကို ချီးကျူးစရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။ Consistency ကို သူ့ထံမှာ အမြင်ရဆုံးပါပဲ။
အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးဆို လူငယ်ကစားသမားတွေအနေနဲ့ ဖိအားများပြီး ခြေစွမ်းမတည်ငြိမ်တတ်တာမျိုးကို ကျွန်တော်တို့ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ ဒီလိုမျိုးအချိန်တွေမှာ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးဦးဆောင်ပြီး ပြိုင်ဘက်ကို ထိန်းချုပ်ကစားနိုင်တတ်သူဟာ ပါတေးဆိုတာလည်း တွေ့မြင်ခဲ့ရပြီးပါပြီ။ အသက်အရွယ်၊အတွေ့အကြုံတွေအရ ဒီအရွယ်ဟာ ပါတေးအတွက် အကောင်းဆုံးအချိန်ဆိုလည်း မမှားပါဘူး။ ပါတေး Composure Out တာ အလွန်မြင်ရခဲပါတယ်။
လက်ရှိရာသီမှာ ပါတေးရဲ့ ခြေစွမ်းဟာ အရင်နှစ်တွေကထက် ပိုပြီး ကောင်းမွန်လာတယ်ဆိုတာ ထင်သာမြင်သာ ရှိလှပါတယ်။ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးလို့ ဆိုရင် လက်ခံရမှာ ဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးလို့ ဆိုလိုက်ရင်တော့ အငြင်းပွားစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပွဲတစ်ပွဲချင်းစီရဲ့ စွမ်းဆောင်ရည်အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပါတေးဟာ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာဟာ ဘုန်းတော်ဘွဲ့မဟုတ်ဘူးဆိုတာ သိသာမှာပါ။
တစ်ဦးချင်း လိမ်ခေါက်ကျော်ဖြတ်မှုမှာလည်း ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ နံပါတ်သုံးနေရာချိတ်ထားပြီး သူ့ရဲ့အထက်မှာ ပီအက်စ်ဂျီကစားသမား ဗာရက်တီနဲ့ ဘာစီလိုနာကစားသမား ဒီဂျောင်တို့ပဲ ရှိပါတော့တယ်။
မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာလည်း ပါတေးဟာ ပရိသတ်တွေကို ခုလိုမျိုး ကတိပေးခဲ့ပါသေးတယ်။
“အသင်းဟာ တိုးတက်နေပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်း၊တစ်ဦးတစ်ယောက်တိုင်းဟာ အကောင်းဆုံးကြိုးစားနေကြပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကိုယ်စွမ်းသလောက် အကောင်းဆုံး ကြိုးစားရမှာပါ။ ဆက်ပြီးကြိုးစားနေရမယ်၊တိုးတက်အောင်ဆက်ဆက်လုပ်ရမယ် ။ ပြီးတော့ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံ ပြန်ရအောင် ကြိုးစားရမှာပါ။ ဘာလို့လဲဆိုတော့ အသင်းက ကျွန်တော့်ကိုလိုအပ်ပါတယ်။ ကျွန်တော်တို့ကလဲ အသင်းကို လိုအပ်နေပါတယ်”
ပါတေးဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် ၀င်ခွင့်အိပ်မက်အတွက် အရေးပါဆုံး ကစားသမားတွေထဲ တစ်ဦးဖြစ်ပါတယ်။သူ အာဖရိကဖလားပွဲအတွက် ဂါနာအသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ချိန်မှာ အသင်းရဲ့ ကွင်းလယ်ဟာ ပုံစံကောင်းမပြနိုင်ခဲ့တာ အားလုံးရဲ့ အမြင်ပါပဲ။ No Thomas No Party ပါပဲ။ ပါတေးမရှိရင် ပျော်ပွဲရွင်ပွဲတွေမရှိ။
အသက်၂၈နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ အသင်းဖော် လူငယ်ကြယ်ပွင့်တွေအတွက် အတွေ့အကြုံများသူဖြစ်ပြီး ပိုပြီးရင့်ကျက်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူကစားတဲ့နေရာကလည်း ကွင်းလယ်ခံစစ်ဖြစ်တာကြောင့် အသင်းဖော်တွေကို အကောင်းဆုံးလမ်းညွှန်ဦးဆောင်ပေးနိုင်မယ့် နေရာဖြစ်ပါတယ်။ ဒါကြောင့် ပါတေးဟာလည်း ကပ္ပတိန်လက်ပတ်အသစ် ဆက်ခံသင့်သူလို့ ဆိုလာရင်လည်း ကျွန်တော်တို့ ၀မ်းမသာစရာ အကြောင်းမရှိဘူးလို့ပဲ ဆိုရမှာပါပဲ။
Leave a Reply