လာမယ့် သီတင်းပတ်မှာ ပဲလေ့စ်ကို အာဆင်နယ်ကျော်ဖြတ်နိုင်ပါ့မလား

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ တဖန်ပြန်လည်ရောက်ရှိလာပါပြီ။ လက်ကျန်ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲလို့ ကစားရမယ့် အာဆင်နယ်အတွက်တော့ လာမယ့်သီတင်းပတ်မှာ ဗီအဲရာရဲ့  ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ဒီပွဲစဉ်ဟာ အာတီတာတို့ လူစုအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဆိုရင် မမှားပါဘူး။ အသင်းဟာ ‌ပုံစံကောင်းတွေ တောက်လျှောက်ပြသထားပေမယ့် ခရစ္စတယ်ပဲလေ့စ်ဆီက ရမှတ်သုံးမှတ်ကို လွယ်လွယ်ကူကူနဲ့ ရယူဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီပွဲစဉ်ဟာ ဂန်းနားတွေအတွက် မရှုံးနိမ့်နိုင်ပေမယ့် အနိုင်ယူဖို့လည်း သေချာပေါက်ခက်ခဲမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်ဂန္တ၀င်ကြီး ဗီအဲရာဟာ ပဲလေ့စ်ကို စတင်ကိုင်တွယ်ခဲ့စဉ်က ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ဖို့ အခက်အခဲတွေ တွေ့ခဲ့ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပုံစံကောင်းတစ်ခုနဲ့ အသင်းကို တည်ဆောက်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံးဆယ်ပွဲမှာ ၁ပွဲသာ ရှုံးနိမ့်ထားသလို ၂၀၂၂ခုနစ်အတွင်း ကစားပြီးခဲ့သမျှပွဲစဉ်တွေမှာလည်း ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကိုသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း အာဆင်နယ်က နှစ်ကြိမ်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ဆယ်ပွဲမှာလည်း ၇ပွဲနိုင်၊၁ပွဲသရေကျထားခဲ့ပြီး မန်စီးတီး၊လီဗာပူးလ်တို့ကိုသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်၁၂နေရာမှာ ရပ်တည်နေတာ ဖြစ်ပြီး တန်းဆင်းဇုန်အတွက်လည်း စိတ်ပူစရာမရှိ၊ဥရောပ၀င်ခွင့်အတွက်လည်း မျှော်လင့်ချက်မရှိတဲ့ အနေအထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူမှဖြစ်မယ်ဆိုတဲ့ ဖိအားတော့ သူတို့မှာ ရှိနေမှာမဟုတ်ပါဘူး။ 

အာဆင်နယ်ကတော့ ရာသီကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့အတွက် ပွဲစဉ်တိုင်းကို ရေကုန်ရေခန်း ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။အသင်းရဲ့ အဝေးကွင်းရလဒ်တွေကလည်း ကောင်းမွန်နေခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် လေးပွဲစလုံးကို အနိုင်ရထားခဲ့ပါတယ်။ 

ပထမအကျော့ ပွဲစဉ်မှာတော့ ပဲလေ့စ်ဟာ အမ်းမရိတ်မှာ သရေရလဒ်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယအကျော့ တွေ့ဆုံမှုမှာလည်း ဗီအဲရာဟာ အာတီတာကို အခက်တွေ့အောင်လုပ်နိုင်ဦးမလားဆိုတာတော့ စိတ်၀င်စားစရာပါပဲ။ 

ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံမှု ၅ကြိမ်မှာလည်း လေးကြိမ်အထိ သရေရလဒ်ထွက်ပေါ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ပဲလေ့စ်ဟာ အာဆင်နယ်ကို အမြဲအခက်တွေ့စေခဲ့တဲ့ ပြိုင်ဘက်ကောင်းလို့ ဆိုရမှာပါ။  အာတီတာအနေနဲ့ အဆင့် ၄ ဝင်ဖို့ဆိုရင် အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့တဲ့ပွဲစဥ်တွေကိုမေ့ထားပြီးအခုလို ပွဲစဥ်မျိုးကနေ အမှတ်ရအောင်ယူလို့လိုအပ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်အချိန်ကတော့ ဧပြီလ ၅ရက်နေ့မနက် မြန်မာစံတော်ချိန် ၁နာရီ ၃၀မိနစ်တိတိပဲ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: