မာတီနက်စ်အတွက် အာဆင်နယ်လှုပ်ရှားနေ
အာဆင်နယ်အသင်းဟာ လော်တာရိုမာတီနက်စ်အတွက် ခပ်သွက်သွက်လှုပ်ရှားနေပြီဖြစ်ကြောင်း UK အခြေစိုက်သတင်းများက ဖော်ပြနေကြသလို ၊ အီတလီသတင်းဌာန Calciomercato ကလည်း ပေါင် ၅၉ သန်းခန့်နဲ့ကမ်းလှမ်းမယ်ဆိုရင် အင်တာဖက်က ရောင်းချဖွယ်ရှိကြောင်းရေးသားလာခဲ့ပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်သူကတော့ မာတီနက်စ်ဟာ အင်တာအသင်း အကြောင်းပဲ ခေါင်းထဲထည့်ထားတယ်ဆိုပြီး ဖေဖော်ဝါရီလတုန်းက ထုတ်ပြောခဲ့ဖူးပေမယ့် ဂျူဗီတိုက်စစ်မှုး ဒီဘားလားရဲ့ အလွတ်ပြောင်းရွှေ့မယ့်သတင်းနဲ့အတူ မာတီနက်စ်သတင်းများက ပြန်လည်လှုပ်ခတ်လာတာဖြစ်ပါတယ်။
ရာဖင်ဟာအတွက် အာဆင်နယ်ဖက်က ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ ရိုမာနိုပြောကြားလာ
အာဆင်နယ်တို့ဟာ လိဒ်စ်အသင်းရဲ့ ရာဖင်ဟာ ကို ဆက်သွယ်မေးမြန်းခဲ့တယ်ဆိုပြီး ဖေဘရီဇီယို ရိုမာနိုကပြောကြားလာခဲ့ပါတယ်။ ရိုမာနိုက လိဒ်တောင်ပံကစားသမားက ဘာစီလိုနာနဲ့သတင်းကြီးနေပေမယ့် အာဆင်နယ်တို့လဲ လှုပ်ရှားနေကြောင်း သူ့ရဲ့ Here We Go ကနေတဆင့်ပြောခဲ့တာပါ။
“ အာဆင်နယ်တို့ကလဲ ရာဖင်ဟာအတွက် ဆက်သွယ်ခဲ့ကြတယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါတယ် .. ကျွန်တော်တို့က ဘာစီလိုနာအကြောင်းပဲပြောနေခဲ့ကြတာပါ၊ ဘာကာတို့က ကစားသမားကို ချဥ်းကပ်ရာမှာ ဦးဆောင်နေတယ်ဆိုပေမယ့် အာဆင်နယ်တို့ကလည်း ဆက်သွယ်မှုတချို့တော့ရှိခဲ့ပါတယ်။ ဒါပေမယ့် အလားအလာကောင်းတွေရနေတာမျိုးတော့မဟုတ်ပါဘူး “ ဆိုပြီး ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
စမစ်ရိုးရှိနေတာကြောင့် ရက်ရှ်ဖို့ဒ်သတင်းတွေတော်သင့်ပြီဆိုပြီး အိုဟားရားတုန့်ပြန်
ဘောလုံးတင်ဆက်သူ ဂျေမီအိုဟားရားက မားကတ်စ်ရက်ရှ်ဖို့ဒ်နဲ့ပတ်သတ်ပြီးထွက်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာ အခုလိုပဲပြန်လည်တုန့်ပြန်လာခဲ့ပါတယ်။
“ ဘယ်ခြမ်းမှာကစားဖို့အတွက် စမစ်ရိုးလောက်သူက ကောင်းနေလို့လားဗျာ .. သူ့ကိုမေ့လိုက်ကြစမ်းပါ။ အခုဘယ်ခြမ်းမှာ လူမရှိဘူးဖြစ်နေလို့လား .. ယူနိုက်တက်မှာက မန်နေဂျာကိစ္စတွေရှုတ်နေလို့ပါ။ နွေရာသီရောက်ရင် အပြောင်းအလဲတွေဖြစ်ပြီး မတူညီတာတွေဖြစ်လာပါလိမ့်မယ် “ ဆိုပြီး talkSports ရဲ့အစီအစဥ်ကနေတဆင့်ပြောကြားလာခဲ့တာပါ။
သူ့ရဲ့ ပထမနေရာအချိန်မရွေးဆုံးရှုံးနိုင်ကြောင်း ရမ်းစ်ဒေလ်ပြောကြား
အာဆင်နယ်အသင်းဂိုးသမားရမ်းစ်ဒေးလ်က သူ့ရဲ့ပထမဂိုးသမားနေရာက အချိန်မရွေးလက်လွှတ်ရနိုင်တာကိုနားလည်ကြောင်း Four Four Two နဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောလာခဲ့ပါတယ်။
“ လီနိုက ကျွန်တော့်ကို နေ့တိုင်းဖိအားပေးနေတာပါ။ သူ့ရဲ့ဆီကနေ ပထမနေရာကို ကျွန်တော်လုယူလိုက်သလိုပဲ ၊ ကျွန်တော့်ဆီကနေလဲ သူပြန်ယူသွားနိုင်ပါတယ်။ သူနဲ့ကျွန်တော်က ဆက်ဆံရေးသိပ်ကောင်းပါတယ်။ နေရာတစ်ခုအတွက် ယှဥ်ပြိုင်နေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြဲအတူရှိနေကြပါတယ် “ လို့ဆိုခဲ့ပါတယ်။ ဆက်လက်ပြီးသူ့ကိုကောင်းတယ်ဆိုပြီး ချီးမွမ်းနေကြတဲ့အပေါ်မှာ “ ကျွန်တော့်အနေနဲ့တော့ ဝေဖန်မှုတစ်ခုကိုပြုလုပ်တဲ့အခါမှာ တစ်ရာသီစာလောက်မကြည့်ပဲ ၄-၅ နှစ်လောက်ကြာမှာပဲဆုံးဖြတ်စေချင်တယ် “ ဆိုပြီးဖြည့်စွက် ပြောဆိုလာတာဖြစ်ပါတယ်။
လူငယ်လက်ရွေးစင်အသင်းအတွက် ၂ ဂိုးသွင်းတဲ့ ဘာလိုဂန်
လူငယ်တိုက်စစ်မှုးလေး ဘာလိုဂန်ဟာ အဂ်လန် U23 အသင်းက အယ်လ်ဘေးနီးယားအသင်းကို ၃ – ၀ နဲ့အနိုင်ရခဲ့တဲ့ Euro 2023 ခြေစစ်ပွဲမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အဂ်လန်တို့ဟာ ခြေစစ်ပွဲအောင်ဖို့ အခြေအနေအလွန်ကောင်းနေပြီဖြစ်ကာ ၊ အခြားအသင်းများရဲ့ ရလဒ်ကိုစောင့်စရာမလိုတဲ့အနေအထားမှာရှိနေပြီဖြစ်ပါတယ်။
Leave a Reply