လီဗားပူးလ်နဲ့ပွဲအပြီးမှာ ကျွန်တော့်ရဲ့ Facebook ရော Website ရောမှာ Traffic တွေ သိသိသာသာကျသွားပါတယ်။ နည်းစနစ်ဆိုင်ရာချို့ယွင်းချက်များဖြစ်နေမလားဆိုပြီး စစ်ကြည့်ဆေးကြည့်တော့လဲ ဘာမှ ထူးထူးခြားခြားမရှိ။ ဒီတော့ ကိုယ့်ထက်စီနီယာကျတဲ့ တွေကို လှမ်းမေးကြည့်တဲ့အခါ “ ရှုံးတဲ့နေ့ “ ဆိုရင် ဒီလိုပဲဖြစ်ကြောင်းပြောပြပါတယ်။ သူတို့ကတော့ ရိုးနေပြီလို့ဆိုပါတယ်။
ဒီနေရာမှာ ကျွန်တော်က ချက်ခြင်းတွေးကြည့်မိပါတယ်။ လီဗာပူးလ်ကို ရှုံးတာ သတင်းမှန်သမျှမဖတ်ချင်တော့ အောင်စိတ်ညစ်စရာလိုလားဆိုတာကိုပဲဖြစ်ပါတယ်။ မှန်းထားတဲ့ရလဒ်မရရင် နောက်ထပ် ၂ ရက်လောက်အထိ ပရိတ်သတ်တွေ တိတ်ဆိတ်သွားတတ်တာကို နားလည်ထားပေမယ့် အဲ့ဒီတစ်ကြိမ်မှာတော့ အတွေ့အကြုံသစ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်ကို ရှုံးတာ ဘာမှမဖြစ်ဘူး ၊ မကစားခင်ကတဲက ရှုံးမယ်ဆိုပြီးတွက်ထားကြတဲ့ပွဲ … အဲ့ဒီလိုတွေပြောကြပြီးတော့မှ ဘာကြောင့် ကျွန်တော်တို့ တိတ်ဆိတ်သွားခဲ့ရပါသလဲ။
ခြေစွမ်းမှန်လာခြင်း ၊ အောင်မြင်နိုင်ခြေမြင့်လာခြင်း နဲ့ မျှော်လင့်ချက်တွေများလာခြင်းရဲ့နောက်ဆက်တွဲကို အာဆင်နယ်ပရိတ်သတ်တွေစတင်ခံစားနေရပြီဆိုတာ အသေအချာပါပဲ။ ဒီတော့ စိတ်ပြင်းတဲ့ ပရိတ်သတ်တွေက “ မင်းက ဘာဖြစ်နေတာလဲ .. အသင်းမနိုင်တာပျော်နေရမှာလား “ လို့မေးကောင်းမေးနိုင်ပါတယ်။ မှန်ပါတယ်။
ကျွန်တော့်အနေနဲ့ ကိုယ့် Page ကိုယ် အရည်အသွေးမြင့်အောင်ကြိုးစားနေတာဟာ အသင်းကိုယ်စားပြုတဲ့ Page တစ်ခုအနေနဲ့ ဂုဏ်ယူချင်တာက ၄၀% လောက်ပါဝင်ပါတယ်။ ကျန်တာကသာ ဝါသနာနဲ့ ရေရှည် Career တစ်ခုအဖြစ်ရည်ရွယ်တာတွေဖြစ်ပါတယ်။ ဒီတော့ အသင်းကိုချစ်လားဆိုတာ မေးစရာမလို။ သို့သော် ကိုယ့်စိတ်ကိုယ်အစွန်းရောက်မသွားအောင်ကတော့ ထိန်းရမှာပါပဲ။ ဘန်လေကို သရေကျလို့ .. ဝက်ဖို့ဒ်ကို ရှုံးလို့ တိတ်ဆိတ်သွားရင် ဒါကအမှန်ပါ။ သို့သော် အသင်းရဲ့ အဆင့်ရပ်တည်ချက်ကိုလဲ မထိခိုက်ပဲ Title Contender ကိုရှုံးရတဲ့နေ့ဆိုတာ အားပေးသူတွေအနေနဲ့လက်ခံလို့ရတဲ့ အရှုံးပဲဖြစ်ပါတယ်။ အဖက်ဖက်က ခက်ခဲနေတဲ့ ၊ ရုန်းကန်နေရချိန်မှာ ဘောလုံးအသင်းတစ်သင်းကိုအားပေးရင်း ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးကိုလုံးဝထိလို့မရပါဘူး။ ပြီးရင် အခြေအနေကို အမှန်အတိုင်းလက်ခံနိုင်တဲ့ ရင့်ကျက်စိတ်နဲ့အားပေးဖို့လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ထာဝရတည်မြဲမယ့် Class ဖြစ်ပါတယ်။ အာဆင်နယ်ပရိတ်သတ်လို့ပြောလိုက်တာနဲ့ တဖက်လူရင်ထဲ ကြည်နူးသွားဖို့ဆိုတာ ဆုဖလားတွေက မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အမူအကျင့် ၊ စိတ်နေစိတ်ထား နဲ့ အခြေအနေတွေကို ရင်ဆိုင်တုန့်ပြန်ပုံကသာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
လက်ရှိအနေအထားမှာ အာဆင်နယ်က အလားအလာအကောင်းဆုံးဆိုပေမယ့် ကပ်လိုက်နေတဲ့အသင်းတွေဟာ ဂန်းနားတို့မှားတာနဲ့ ချက်ခြင်းပဲ အခွင့်အရေးယူနိုင်ကြသူတွေချည်းပါပဲ။ ၁၀ ပွဲဆိုတဲ့ခရီးက ဘောလုံးရာသီရဲ့ ၂၆.၃၂ % ဖြစ်ပါတယ်။ ပြောရရင် ၄ပုံ၁ပုံကျန်ပါသေးတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါသေးတယ်။ အာဆင်နယ်ပရိတ်သတ်တွေ အဆင့် ၄ မဝင်ခဲ့လို့ ခြေကုန်လက်ပမ်းကျသွားတာမျိုးမဖြစ်စေချင်ပါဘူး။ ကျွန်တော်ဟာ အာဆင်နယ်သာ အဆင့် ၄ ဝင်ရင် မလွဲမသွေ ပျော်စရာအကြီးကြီးတစ်ခုခုလုပ်မယ့်သူဆိုတာ Page ကိုကောင်းကောင်းသိသူတွေဆိုရင်ခန့်မှန်းမိမှာပါ။ ဒါပေမယ့် အဆင့် ၄ မဝင်ရင်လဲ အာဆင်နယ်အကြောင်းတွေနေ့စဥ်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးရေးပြီးချိန်ဆို ၁၁ နာရီထိုးလောက်ပါပြီ။ မနက်ဖန်အတွက်သတင်းလေးတွေ မှတ်စုထုတ်ပြီးရင် အိပ်ယာဝင်မှာပါ။ ဒါဟာ ကျွန်တော့်ရဲ့တစ်နေ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့စ အာဆင်နယ်နဲ့ဆုံး ဆိုတာ တကယ်ဟုတ်မဟုတ်သိချင်ရင် အိမ်နီးချင်းသာလာလုပ်လိုက်ပါ။ ဒါပေမယ့် ရလဒ်တွေပေါ်မှာပဲ အာရုံမထားပဲ အသင်းရဲ့ Movement အားလုံးကို တန်ဖိုးထားစီးဝင်လိုက်ပါ။ ဒါဟာ ဘောလုံးအသင်းတစ်သင်းအပေါ် ချစ်မြတ်နိုးခြင်းကို Gunners’ Side က ဖော်ဆောင်တဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ အရင်က ရေးဖူးတာတစ်ပုဒ်နဲ့တူနေမယ်ဆိုရင်လဲ တောင်းပန်ပါတယ်။ သို့သော် အားပေးသူတွေရဲ့ ရင်ထဲမှာ ပေါ့ပါးနေဖို့အတွက် ဒီစာက အထောက်အကူဖြစ်မယ်ဆိုရင် ကျေနပ်ပါပြီ။
အဆင့် ၄ မဝင်ရင်လဲ လက်ခံလိုက်ရအောင်ပါ။ ရောက်ရာအရပ်ကနေ အာဆင်နယ်ပွဲအတွက် သတင်းစကားတွေနားစွင့်နေလိုက်ပါ။
ကောင်းသောညပါ။
Leave a Reply