ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ပရီးမီးလားလိဂ် အဖွင့်ပွဲကို အရှုံးနဲ့စတင်ခဲ့ရပါတယ်။ ပွဲစဉ်အပြီးမှာလည်း ပေါင်သန်း၅၀နဲ့ အာဆင်နယ်ခေါ်ယူထားခဲ့တဲ့ ဘန်ဝှိုက်အပေါ် ကာရေဂါ နဲ့ ဂယ်ရီနဗီးလ်တို့က ဝေဖန်ခဲ့ကြပါတယ်။
အင်္ဂလန်ရဲ့ ဒုတိယတန်ကြေးအမြင့်ဆုံး နောက်ခံလူဖြစ်လာခဲ့ပြီး သီတင်းပတ် နှစ်ပတ်အကြာမှာ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးပွဲစဉ်အနေနဲ့ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းက အပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ဘန်ဝှိုက်က The Independentနဲ့ တွေ့ဆုံမှုမှာ အခုလို ဖွင့်ဟလာခဲ့ပါတယ်။
“ ရာသီအစကတော့ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ရာသီအဖွင့်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပြီး ကျွန်တော်ကလည်း ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ နောက်တော့ ကိုဗစ်ထပ်ဖြစ်ခဲ့တာကြောင့် ပွဲစဉ်နှစ်ပွဲ ထပ်လွဲချော်ခဲ့ရပါတယ်။ အစပိုင်းမှာ တကယ်ကိုခက်ခဲခဲ့ပါတယ်” လို့ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးအတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
ဂယ်ရီနဗီးလ်၊ ကာရေဂါတို့ရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးလည်း
“ ကျွန်တော် အဲ့ဒါကို တွေ့ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ပထမဆုံး နာမည်တပ်ပြီး ဝေဖန်ပြစ်တင်ခံခဲ့ရတာပါပဲ”
“ဝေဖန်အပြစ်တင်ခံရတယ်ဆိုတာ ပျော်ဖို့တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ကို ပိုပြီးကြိုးစားဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ပွဲစဉ်နဲ့ပတ်သက်ပြီး သူတို့ ကျွန်တော့်ရဲ့ခြေစွမ်းကို ဝေဖန်တာဟာ မှန်ကန်ခဲ့တယ်ဆိုတာ အသိသာကြီးပါ .. ကစားပုံကလည်းမကောင်းခဲ့ပါဘူး “
“အဲ့ဒါဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံတော့ မဟုတ်ဘူးပေါ့။ ဒီလို ဝေဖန်ပြစ်တင်တာတွေကို တစ်ချိန်လုံးကြီး ပြန်နားထောင်နေမယ် ၊ ခံစားနေမယ်ဆိုရင်လည်း ကျွန်တော့်အတွက် ကောင်းမှာမဟုတ်ပါဘူး။ဒါကြောင့် ဒီလိုအမှားတွေကို အတိတ်မှာ ချန်ထားခဲ့ပြီး အခုထက် ပိုပြီးကောင်းအောင်ပဲ ကြိုးစားသင့်တယ်လို့ တွေးခဲ့မိပါတယ်”
ဘန်ဝှိုက်ဟာ လက်ရှိမှာ အာဆင်နယ်အသင်းဖော် ဂါဘရီယယ်နဲ့အတူ တွဲဖက်ပြီး အာဆင်နယ်ခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပါတယ်။ သူပါ၀င်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ပွဲမှာ ပေးဂိုးမရှိခဲ့တဲ့ ပွဲစဉ် ၁၄ပွဲအထိ ရှိခဲ့ပြီး အသင်းဖော် ဂါဘရီယယ်ကလည်း ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ပထမဆုံး ရွေးချယ်ခံခဲ့ရပါတယ်။ ဘန်ဝှိုက်ဟာလည်း အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ အာဆင်နယ်အသင်းဖော်တွေ ဖြစ်တဲ့ ရမ်ဒေးလ်၊ ဆာကာ၊ စမစ်ရိုးတို့နဲ့အတူ သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးအနေနဲ့ရွေးချယ်ခံထားရပါတယ်။
Leave a Reply