အားလုံးသိတဲ့အတိုင်း ဒီသီတင်းပတ်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရှိတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ တစ်ပတ်တာ ခွဲခွာရမှာ ဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက် ရွေးချယ်ခံရတဲ့ ကစားသမားတွေက အသင်းကနေ ထွက်ခွာသွားကြပြီး နိုင်ငံအသင်းနဲ့ ပူးပေါင်းနေချိန်မှာ အာတီတာကတော့ လန်ဒန်မှာပဲ ဒဏ်ရာရကစားသမားတွေ၊လက်ရွေးစင်အသင်းမှာ မပါ၀င်တဲ့သူတွေနဲ့အတူ ကျန်နေခဲ့မှာပါ။ မန်နေဂျာဟာ လက်ကျန်ပရီးမီးယားလိဂ် ဆယ်ပွဲအတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေနားထားတဲ့ ဒီသီတင်းပတ်တွေမှာ လုပ်စရာတွေအများကြီးရှိမှာပါ။ လတ်တလောမှာ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အရာ (၃)ခုရှိပါတယ်။ အဲ့ဒါတွေကတော့
(၁)တိုမီယာဆုတစ်ယောက် ဒဏ်ရာကနေ အမြန်ဆုံး ပြန်လာနိုင်ဖို့
အသင်းအတွက် အားထားရတဲ့ ညာနောက်ခံလူ ဂျပန်သားကြီးကို မြက်ခင်းစိမ်းတွေပေါ်မှာ မမြင်ရတာ သီတင်းပတ်အချို့ရှိပါပြီ။ သူ့နေရာမှာ စီဒရစ်က အကောင်းဆုံး ၀င်ကစားနိုင်ဖို့ ကြိုးစားနေပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ တိုမီယာဆု ကို အာတီတာ လိုအပ်လာမှာပါ။
ဇန်နဝါရီ ၂၀ရက်ကတည်းက အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားတဲ့ တိုမီယာဆုရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အသင်းရဲ့ဆေးအဖွဲ့က အထူးဂရုစိုက်နေပြီး အချိန်ယူနေပါတယ်။ အာတီတာကလည်း အရဲစွန့်ပြီး ဂျပန်သားကြီးကို အသုံးပြုဖို့တော့ မရှိပေမယ့် လက်ရှိမှာ ပရီးမီးယားလိဂ်ဘောလုံးပွဲတွေ နားထားတာကို အခွင့်အရေးယူပြီး ကစားသမား အမြန်ဆုံးပြန်ကောင်းအောင် လုပ်ဆောင်ဖို့တော့ လိုပါလိမ့်မယ်။
(၂) လာကာဇက်ကို ချိုတပ်ပေးခြင်း
အသင်းခေါင်းဆောင်ကြီးဟာ အသင်းရဲ့ ကစားကွက်မှာ အကောင်းဆုံးကစားနိုင်ပြီး ကောင်းမွန်တဲ့ ဦးဆောင်မှုအရည်အသွေးတွေ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်တယ် ဆိုတဲ့အချက်ကို ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် လက်ကျန် ပွဲစဉ်တွေမှာ လာကာဇက် အာဆင်နယ်အတွက် ဂိုးသွင်းဖို့လိုတယ်ဆိုတဲ့အချက်ကလည်း အသင်းရဲ့ချန်ပီယံလိဂ်အိပ်မက်အတွက် အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါပဲ။
ကပ္ပတိန်ဆီကနေ ဂိုးတွေအများအပြားကို တောင်းဆိုနေတာမျိုးမဟုတ်ပဲ လက်ကျန် ဆယ်ပွဲမှာ ၃ဂိုး၊၄ဂိုးလောက်သွင်းနိုင်ရင်ကိုပဲ အသင်းရဲ့ ချန်ပီယံလိဂ်ခွင့်ကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ အသင်းဟာ ဂိုးသွင်းယူဖို့ အခွင့်အရေးတွေအများအပြား ဖန်တီးနိုင်ပေမယ့် လာကာဇက်ဆီကနေ မျှော်လင့်ထားတဲ့ သွင်းဂိုးတွေကို အတော်လေး မြင်ရခဲတာက အတော်လေးကို မချင့်မရဲဖြစ်စရာပါ။
လက်ကျန်ပွဲစဉ်တွေမှာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ကြီး သွင်းဂိုးတွေရယူနိုင်ဖို့ ယုံကြည်မှုတွေများလာအောင် အာတီတာနဲ့ အသင်းဖော်တွေ ပံ့ပိုးပေးဖို့ လိုအပ်နေပါပြီ။
(၃) အသင်းရဲ့ တိုက်ပွဲ၀င်စိတ်နဲ့စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းခြင်း
ဒီရာသီမှာ အမြင်သာဆုံးရှိတဲ့ အသင်းရဲ့ တိုးတက်မှုကတော့ ကစားသမားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ တိုက်ပွဲ၀င်စိတ်ပါပဲ။ လူတစ်ယောက်လျော့ အနေအထားနဲ့တောင် နောက်ဆုံးမိနစ်တွေအထိ အရှုံးမပေးတတ်တာ၊ ပွဲစဉ်တိုင်းကို နိုင်ပွဲဆာလောင်စိတ်နဲ့ ကစားတာ ၊ အရှုံးရလဒ်တွေကို အနိုင်ရလဒ်အဖြစ်ပြောင်းနိုင်ဖို့ ရေကုန်ရေခမ်းတိုက်ပွဲ၀င်နိုင်တတ်လာတာကြောင့် ခုလိုမျိုး အဆင့်ကိုရောက်လာတာ ဖြစ်ပါတယ်။
ဒီလိုစိတ်ဓာတ်ကောင်း၊ အလေ့အကျင့်ကောင်းတွေကို ရာသီကုန်အထိမဟုတ်ပဲ လာမယ့် နှစ်ပေါင်းများစွာအထိ သယ်ဆောင်သွားမယ်ဆိုရင် မဝေးလှတဲ့အချိန်တစ်ခုမှာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်မှာတော့ အမှန်ပါပဲ။ အာတီတာအနေနဲ့ သူ့ရဲ့ကောင်လေးတွေကို ပြိုင်ပွဲရဲ့ နောက်ဆုံးမိနစ်တွေအထိ ရသမျှအကုန်ညှစ်ယူသွားဖို့ ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
Leave a Reply