အင်္ဂလန်လက်ရွေးစင်ကစားသမားလေးရဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးတဲ့အချိန်မှာတော့ အာဆင်နယ်ဟာ ဆာကာကို အမ်းမရိတ်မှာ နှစ်ရှည်ထိန်းသိမ်းထားဖို့အတွက် ခြေလှမ်းတွေစနေပြီဖြစ်ပါတယ်။ Athleticရဲ့ အဆိုအရ အာဆင်နယ်အသင်းရဲ့ တာ၀န်ရှိသူတွေဟာ ဆာကာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အသက်၂၀အရွယ်ရှိပြီဖြစ်တဲ့ ဆာကာဟာ လက်ရှိရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိပ်သွင်းဂိုး ၉ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ပေးထားပါတယ်။ အက်စ်တွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာကာဟာ ဥရောပရဲ့ တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကို ဥရောပထိပ်သီးအသင်းကြီးတွေက မျက်စိကျ စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါကြောင့် အာဆင်နယ်အနေနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ ဆာကာကို လက်မလွှတ်ရအောင် စာချုပ်သစ်တစ်ခုကို ကမ်းလှမ်းသွားတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ အာဆင်နယ်နဲ့ဆာကာရဲ့အေးဂျင့်တို့ဟာ တွေ့ဆုံခဲ့ကြပြီး အာဆင်နယ်အနေနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားကို တတ်နိုင်သလောက် အမြန်ဆုံး စာချုပ်သက်တမ်းတိုးပြီး စိတ်အေးရဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။
ဆာကာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမတိုးဆိုတာ အချက်နှစ်ချက်အပေါ် အဓိက အခြေခံနေတယ်လို့ သိရပါတယ်။ ပထမအချက်ကတော့ လစာနှုန်းထားပဲ ဖြစ်ပါတယ်။လက်ရှိမှာ ဆာကာဟာ တစ်နှစ်လုပ်ခငွေ ပေါင်တစ်သန်းခွဲနဲ့ တစ်ပတ်လုပ်ခငွေ ပေါင် သုံးသောင်းရရှိနေပါတယ်။ စာချုပ်သစ်မှာတော့ လစာငွေအများအပြားနဲ့ ကမ်းလှမ်းမှသာ ဆာကာဟာ စာချုပ်သစ်ကို လက်ခံလိမ့်မယ်လို့ ဆိုပါတယ်။
ဒုတိယအချက်ကတော့ ရာသီကုန်မှာ အသင်းဟာ ချန်ပီယံလိဂ်၀င်ခွင့်ရမလားဆိုတာပဲ ဖြစ်ပါတယ်။လက်ရှိမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်တစ်ခုကို ဆက်လက်ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
ဆာကာဟာ အာတီတာရဲ့ လက်အောက်မှာ အများကြီး တိုးတက်လာခဲ့ပြီး လက်ရှိမှာ အသင်းမှာလည်း ပျော်ရွှင်နေတာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ များနေပါတယ်။ ဆာကာရဲ့ အေးဂျင့်ကတော့ သူ့ရဲ့ကစားသမားအတွက် အာဆင်နယ်ဆီကနေ ရသလောက် ငွေညှစ်လာဖို့တော့ ရှိနေမှာပါ။ ဆာကာရဲ့ အနာဂတ်က အာဆင်နယ်မှာဆို ပိုပြီးတောက်ပလာနိုင်သလို အာဆင်နယ်ကလည်း အသင်းအတွက် အလွန် အရေးပါတဲ့၊အလားအလာကောင်းတွေအများကြီးရှိတဲ့ လူငယ်ကစားသမားလေးကို လက်လွှတ်သွားမှာ မဟုတ်တာကြောင့် ရာသီကုန်မှာတော့ ဆာကာနဲ့အာဆင်နယ်တို့ရဲ့ စာချုပ်သက်တမ်းအသစ်ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။
Leave a Reply