ဆွာရက်စ်လက်သစ်လို့ နာမည်ထွက်နေတဲ့ ဒါဝင်နူနက်စ်ကတော့ ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ဆင့်တက်စေခဲ့တဲ့ဂိုးအပြီးမှာ သူ့ရဲကလပ်အသင်းအတွက်ဂိုးပေါင် ၃၄ ဂိုး မြောက်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းများအရ မန်ချက်စတာယူနိုက်တက် ၊ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်မှာ ပရိုဖက်ရှင်နယ်ဘဝစခဲ့ပြီး ၂၀၁၈ ခုနှစ်မှာဗွေဆော်ဦးဂိုးကို ရရှိခဲ့တဲ့ နူနက်စ်ဟာ အခုတော့ ဥရောပဘောလုံးဇာတ်ခုံပေါ်က Icon တစ်ခုဖြစ်လာခဲ့ပါပြီ။
အီတလီသတင်းဌာန Calciomercato ရဲ့ ပြီးခဲ့တဲ့အပတ်ကဖော်ပြချက်အရတော့ ကစားသမားကိုခေါ်ယူချင်ရင်ပေါင်သန်း ၅၀ ကျော်လောက်သုံးရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ ပေါင် ၄၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့ ဝက်စ်ဟမ်းအသင်းကိုတော့ ဘင်ဖီကာဖက်ကပယ်ချခဲ့တယ်လို့သိရပါတယ်။
ကာဗာနီတစ်ယောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို့သေချာနေတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း နူနက်စ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နူနက်စ်နဲ့တွဲပြီးနာမည်အထွက်ဆုံးကတော့ တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်အသင်းဖြစ်ပါတယ်။
အမှတ်ပေးရာသီတိုင်းမှာ အပြောင်းအရွှေ့ရဲ့ဇတ်ကောင်တွေပေါ်ထွက်စမြဲပါပဲ။ ပြီးခဲ့တဲ့ရာသီဝက်တုန်းကတော့ ဂျူဗ၍်တပ်စ်တိုက်စစ်မှုး ဗလာဟိုဗစ်ဟာ သိသာထင်ရှားတဲ့ဥပမာပေါ့။ လာမယ့်နွေရာသီမှာ ဟာလန်းနဲ့ဘာပေတို့ရဲ့အပြောင်းအရွှေ့တွေလှုပ်ခတ်ဦးမှာဖြစ်သလို ဒါဝင်နူးနက်စ်ကလည်း သူ့နည်းသူ့ဟန်နဲ့တော့ သတင်းရဲ့သားကောင်ဖြစ်ဖို့ရှိနေပါတယ်။
နူနက်စ်ဟာ ဥရုဂွေးဂန္တဝင် ဆွာရက်စ်လိုပဲ ခြေယောင်ပြလှည့်ထွက်မှုတွေကောင်းတယ်။ တောင်ပံတိုက်စစ်သမားတစ်ယောက်သဖွယ်လည်း ကစားနိုင်သူဖြစ်တယ်။ ညာသန်ဖြစ်တဲ့ နူနက်စ်ဟာ ဘယ်တောင်ပံကလဲကစားလေ့ရှိပြီး အတွင်းကို ချိုးဝင်ကာဂိုးသွင်းလေ့ရှိသူဖြစ်ပါတယ်။ တိုက်စစ်မှုးအဖြစ်ရော Inverted Winger အဖြစ်ပါကစားနိုင်သူလဲဖြစ်ပါတယ်။ ကြံ့ခိုင်မှုအားကောင်းတဲ့ ကစားသမားဖြစ်လို့ ပရီးမီးယားလိဂ်မှာလည်းအဆင်ပြေနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။ ၆ပေ၂ လက်မရှိတဲ့အရပ်အမောင်းကလည်း ခေါ်ယူလိုတဲ့အသင်းတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ စပိန်ဒုတိယတန်းမှာလည်း ကစားခဲ့ဖူးပေမယ့် သူ့နာမည်ထိုးထွက်လာတာကတော့ ဘင်ဖီကာနဲ့သာဖြစ်ပါတယ်။
အတွေ့အကြုံနဲ့ အသက်အရွယ်အရတော့ ပိုအဆင့်မြင့်တဲ့ပြိုင်ပွဲတွေဆီကို ခြေလှမ်းပြင်ဖို့ အချိန်ကျနေပြီလို့ဆိုနိုင်ပါတယ်။ တဖက်မှာလည်း ဥရောပအသင်းကြီးတွေရဲ့ ရေဒါအောက်မှာ သူရှိနေတာ အသေအချာပဲဖြစ်ပါတယ်။ ဘာစီလိုနာကနေ ဆွာရက်ဇ်ထွက်ခွာစဥ်တုန်းကလည်း နူနက်ကိုခေါ်ယူသင့်ကြောင်းရေးသားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ထိုအပြောင်းအရွေ့မဖြစ်ခဲ့သလို ကစားသမားရဲ့ခြေစွမ်းတိုးတက်မှုကလည်း ကွာခြားခဲ့ပြီဖြစ်ပါတယ်။
လူးဝစ်ဆွာရက်ဇ်နဲ့ ခိုင်းနှိုင်းခံရတဲ့ အသက် ၂၂ အရွယ်တိုက်စစ်မှုးလေးဟာ ကလပ် ကစားသမားဘဝမှာ ဂိုးပေါင်း ၅၄ ဂိုးလည်းသွင်းယူထားပြီးဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကိုလည်းဖြတ်သန်းနေပြီဖြစ်တဲ့နူနက်စ်ဟာ အသင်းကြီးကစားသမားအဖြစ်အရွေးချယ်မခံရခင်ကတည်းက လူငယ်အဆင့်မှာအစွမ်းတွေပြနေခဲ့သူဖြစ်ပါတယ်။ ဥရောပအဆင့်မှာပါ ခြေစွမ်းပြနေတဲ့နောက်မှာတော့ ပေါ်တူဂီလိဂ်ထက်ပိုပြီး ခက်ခဲတဲ့လိဂ်တစ်ခုခုကိုလာရင်လဲ အချိန်ကောင်းလို့ယူဆလို့ရပါတယ်။
Leave a Reply