
နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်က အပူရှပ်တာပါ။ အပူရှပ်တာက အချိန်မီ မကုသမိရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ အပူရှပ်ခဲ့ရင် ဘယ်လိုမျိုး ပြုစုမှုတွေ လုပ်ဆောင်ရမလဲ။ အပူရှပ်တာကို သက်သာစေမယ့် first aids နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
အပူရှပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ
အပူရှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ် အပူချိန်မြင့်တက်တဲ့အခါမျိုးမှာ တွေ့ကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက် မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ပါ။
အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။
အပူရှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ
အပူရှပ်တဲ့အခါ –
- ခန္ဓာကိုယ်အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်
- နှလုံးခုန်မြန်နေမယ်
- ချွေးမထွက်ဘဲဖြစ်နေမယ်
- စိတ်ရှုပ်ထွေးနေမယ်
- သတိလစ်မယ်
- တက်မယ်
- အရေပြားတွေ ပူနေမယ်၊ခြောက်သွေ့နေမယ်၊ နီမြန်းနေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အပူရှပ်တာအတွက် First aids
အပူရှပ်တာက အရေးပေါ် ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက် အပူရှပ်တဲ့အခါ ဒီနည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ဖို့ပြောပါရစေ။
- အပူရှပ်တဲ့သူကိုနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် အရိပ်အောက်တစ်ခုခုကိုရွှေ့ပါ။
- အဲယားကွန်းဖွင့်ထားတဲ့ အခန်း၊ ဒါမှမဟုတ်အေးမြတဲ့နေရာတစ်ခုခုကိုရွှေ့ပေးပါ။
- သက်တောင့်သက်သာအနေအထားမျိုးမှာ လှဲလျောင်းနေနိုင်အောင်လုပ်ဆောင်ပေးပါ။
- ခြေထောက်ကိုနည်းနည်းလေးမြှင့်ထားပေးပါ။
- ရေဖြန်းပေးပါ။ ရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ ချိုင်းကြား၊ လည်ပင်းနဲ့ ပေါင်ကြားနေရာတွေကို ရေအေးဝတ်၊ရေခဲအိတ်တို့ကပ်ပေးပါ။
- ရေတိုက်ပါ။ အုန်းရည်လိုမျိုးရေဓါတ်ဖြည့်ပေးတဲ့အရည်တွေတိုက်ပေးလို့လည်းရပါတယ်။ အန်နေမယ်ဆိုရင်တော့ ဆက်မတိုက်ပါနဲ့။
- ဒီလိုလုပ်ပေးပြီး မိနစ် ၃၀ အတွင်းမှာ အပူချိန်က ကျသွားမှာပါ။ တကယ်လို့ အပူချိန်ကမကျဘဲဖြစ်နေမယ်၊ လူနာက သတိလစ်တာ၊ တက်တာမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ဆေးဘက်ဆိုင်ရာ အကူအညီကို အမြန်ဆုံးခေါ်ပါ။
Leave a Reply