ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လူငယ်တိုက်စစ်မှုး ဗလာဟိုဗစ်နဲ့အတူ တောက်ပနေတဲ့ အီတလီကလပ် ဂျူဗင်တပ်စ်ကို ဗီလာရီးရဲက အနိုင်ယူကျော်ဖြတ်သွားခဲ့ပါတယ်။ အဝါရောင်ရေငုပ်သဘော်တွေကို ဦးဆောင်နေတာ ဘယ်သူများပါလိမ့်။ ဆီးဗီးလား ၊ ပီအက်စ်ဂျီ နဲ့ အာဆင်နယ်တို့နဲ့အတူဖြတ်သန်းခဲ့ဖူးတဲ့ အူနိုင်းအမ်မရီပဲဖြစ်ပါတယ်။ နည်းပြဘဝမှာ မှတ်တမ်းကောင်းတွေရှိခဲ့တဲ့ ၊ မှတ်တမ်းကောင်းတွေကို စဥ်ဆက်မပြတ်တည်ဆောက်နို်င်ခဲ့တဲ့ အမ်မရီဟာ လန်ဒန်မြေမှာတော့ အဆင်မပြေခဲ့ပါဘူး။
လက်ရှိအာဆင်နယ်ဟာ အာတီတာရဲ့ လက်အောက်မှာ ပုံစံကောင်းတွေနေပေမယ့် မန်နေဂျာဟောင်း အူနိုင်းအမ်မရီရဲ့ လက်ထက်မှာ လှည့်စားမှုတစ်ခုခုဖြစ်ခဲ့တယ်လို့ ဂျိုကိုးလ်က ဆိုလာခဲ့ပါတယ်။
အသင်းရဲ့သက်တော်ရှည်မန်နေဂျာကြီး အာဆင်၀င်းဂါး ထွက်ခွာသွားခဲ့ပြီးနောက် သူ့ရဲ့နေရာအစားထိုးဖို့အတွက် အူနိုင်းအမ်မရီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၁၈လမပြည့်သေးခင်မှာပဲ အသင်းနဲ့ အူနိုင်းအမ်မရီတို့ဟာ ခွာပြဲသွားခဲ့ရပါတယ်။
အာဆင်နယ်ကနေ ထွက်ခွာပြီးတဲ့နောက်အမ်မရီဟာ ၂၀၂၀မှာ ဗီလာရီးရဲလ်ဆီရောက်ခဲ့ပါတယ်။
အမ်မရီရဲ့လက်အောက်မှာ ဗီလာရီးရဲလ်ဟာ တစ်စထက်တစ်စ တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူကို အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးနဲ့၀က်စ်ဟမ်း ကစားသမားဟောင်းဖြစ်သူ ဂျိုကိုးလ်က အူနိုင်းဟာ အာဆင်နယ်ကို မှားယွင်းတဲ့အချိန်မှာရောက်လာခဲ့မိတဲ့ လူတော်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
“အူနိုင်းဟာ လူမှန်တစ်ယောက်ဖြစ်ပေမယ့် မှားယွင်းတဲ့အချိန်မှာ ရောက်လာခဲ့တဲ့ မန်နေဂျာကောင်းဖြစ်ပါတယ်။သူရောက်လာတဲ့အချိန်မှာ အာဆင်နယ်ဟာ ကာလရှည်ကိုင်တွယ်ခဲ့တဲ့ အာဆင်၀င်းဂါးရဲ့ အလွန်မှာ မတည်မငြိမ်ဖြစ်နေခဲ့ပြီး အခြားမန်နေဂျာအသစ်အတွက် အသင့်မဖြစ်သေးပါဘူး။”
“အမ်မရီဟာ သူလုပ်ခဲ့သမျှအရာအားလုံးအတွက် အပြစ်တင် ရပါတယ်။လက်ရှိအာဆင်နယ်ဟာ အာတီတာရဲ့လက်အောက်မှာ ပုံစံကောင်းရနေပေမယ့် အမ်မရီနဲ့တုန်းက တစ်ခုခုလွဲချော်ခဲ့ပုံပါပဲ။”
မန်ယူကစားသမားဟောင်းဖြစ်သူ ရီယိုဖာဒီနန်က အူနိုင်းအမ်မရီကို ချီးကျူးခဲ့ပြီး ဥရောပဘောလုံးပြိုင်ပွဲတွေအကြောင်း ကောင်းကောင်းနားလည်သူလို့ ချီးကျူးခဲ့ပါတယ်။
“အမ်မရီမှာ အသင်းအမျိုးမျိုးနဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို နှစ်ပေါင်းများစွာ လုပ်ပြနိုင်ခဲ့ပါတယ် .. တစ်ခါတစ်လေတော့ အသင်းနဲ့ မန်နေဂျာကြား အဆင်မပြေမှုရှိတာနဲ့ မန်နေဂျာဆိုးတစ်ယောက်လို့ မဆိုနိုင်ပါဘူး .. နည်းပြတစ်ယောက်အနေနဲ့ သူလုပ်ပြခဲ့တဲ့အရာတွေ၊ပြီးတဲ့နှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ယူကို အနိုင်ယူပြခဲ့တာတွေကိုကြည့်ရင် အူနိုင်းအမ်မရီက ထိပ်တန်းအဆင့်ရှိတဲ့ မန်နေဂျာဆိုတာ သိသာပါတယ်”
English ဘာသာစကားအားနဲတဲ့ အမ်မရီဟာ ယဥ်ကျေးသူတစ်ဦးဖြစ်တယ်ဆိုတာကို တော့ အင်တာဗျူးတိုင်းမှာပြသနိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုးရွားဆုံးအချိန်တွေမှာတောင် ဘယ်သူ့ကိုမှအပြစ်တင်ခြင်းမရှိပဲ ပွဲပြီးအင်တာဗျူးတွေကိုကျော်ဖြတ်ခဲ့သူဖြစ်ပါတယ်။ အခုတော့လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတဲ့သူတစ်ယောက်အဖြစ် အူနိုင်းအမ်မရီကို ဘောလုံးပရိတ်သတ်တွေမြင်နေရပြီပဲဖြစ်ပါတယ်။
အကယ်၍ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတယ်ဆိုရင်တောင်မှ အမ်မရီဟာ တစ်စုံတစ်ခုလုပ်ပြနိုင်ခဲ့သူဖြစ်ကြောင်းမှတ်တမ်းဝင်ပြီလို့ ဆိုရပါလိမ့်မယ်။
Leave a Reply