ဇယားထိပ်ကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့ပေမယ့် အေစီမီလန်နည်းပြ ပီအိုလီက အသင်း ၄ သင်းစလုံးက ချန်ပီယံဆုအတွက်ရေပန်းစားနေဆဲဖြစ်တယ်လို့ ဆိုလာပါတယ်။ မီလန်တို့ဟာ ကာဂလီယာရီကို ၀ – ၁ နဲ့အနိုင်ရခဲ့အပြီးမှာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၁ မှာ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။
“ ပွဲစဥ်တိုင်းက အဆုံးအဖြတ်ဖြစ်လာခဲ့ပါပြီ။ အသင်းရဲ့ကစားပုံကို ကျွန်တော်ကြိုက်ပါတယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တကယ့်ကို အရည်အသွေးမြင့်မြင့်နဲ့ကစားနိုင်ခဲ့တာပါ။ ကာဂလီယာရီအသင်းဟာ ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့တာပ၊ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့အသင်း ၂ သင်းထိပ်တိုက်တွေ့ပြီဆိုရင်တော့ ဒီလိုစိန်ခေါ်မှုတွေရှိကြတာပါပဲ “ လို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။
ကွင်းလယ်လူ ဘန်နက်ဆာဟာ ဒီအနိုင်ပွဲအတွက်သူရဲကောင်းဖြစ်ခဲ့ပြီး ပီအိုလီက အခုထက်ပိုပြီး ရလဒ်ကောင်းတွေကို ဖန်တီးနိုင်သေးတယ်လို့ သူ့အသင်းအပေါ်မှာယူဆနေပါတယ်။
“ ကျွန်တော်တို့အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်ပါသေးတယ်။ အခွင့်အရေးတွေလဲရခဲ့ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက နိုင်ဖို့ပါပဲ “ ဆိုပြီးဖြည့်စွက်ပြောကြားခဲ့တာပါ။ အေစီမီလန်တို့ဟာ အိုလီဗာဂျီရူးရဲ့ ပင်နယ်တီ ဧရိယာထဲကအပိုင်ကန်ချက် ၊တိုင်ထိထွက်ခဲ့တဲ့ ကက်ဆိုင်းရဲ့ ကန်ချက်တို့အပါအဝင် အခွင့်အရေးများစွာရခဲ့ပေမယ့် ဘင်နက်ဆာရဲ့ မြေမကျ ကန်ချက်တစ်ကြိမ်ကသာ ဂိုးဖြစ်သွားခဲ့တာပါ။ ပွဲကိုတော့ မီလန်သားတွေအကောင်းဆုံးစိုးမိုးနိုင်ခဲ့ပါတယ်။
ဆုဖလားနဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ မီလန်အတွက် အားလုံးက မျှော်လင့်ချက်တွေကြီးနေကြတယ်ဆိုပေမယ့် ပီအိုလီကတော့ သွားရမယ့် ခရီးဝေးသေးတယ်လို့ ပြောဆိုလာပါတယ်။
“ ကျွန်တော်တို့ ကောင်းကောင်းကစားနေကြပါတယ်။ ဒါပေမယ့် အသင်း ၄ သင်းလောက်က စကူဒက်တို ချန်ပီယံဖြစ်နိုင်ကြပါသေးတယ်။ အရှည်ကြီးတွေကိုမတွေးချင်ပါဘူး။ သွားရမယ့်ခရီးတွေ ၊ရင်ဆိုင်ရမယ့်အရာတွေက အများကြီးပါပဲ။ ကျွန်တော်တို့က ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ဖို့လိုပါတယ် “ ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။
အမှတ်ပေးဇယားရပ်တည်မှုအရတော့ မီလန် ၊ နာပိုလီ ၊ အင်တာနဲ့ ဂျူဗီတို့ကြားမှာ ၁၀ မှတ်သာကွာဟနေပြီး အမှတ်နဲနေတဲ့ အင်တာနဲ့ ဂျူဗီတို့မှာလည်းပွဲကျန် ၁ ပွဲစီသာရှိသေးလို့ ပန်းအဝင်မှာရင်ခုံစရာကောင်းလာပြီဖြစ်ပါတယ်။
Leave a Reply