သူ့ကိုလူအများစုသိကြပေမယ့် သူ့နာမည်ကို မှတ်မှတ်ထင်ထင်တော့ရှိကြတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဘောလုံးအသင်းတွေထက်တောင်ချမ်းသာတဲ့ ဆွေကြီးမျိုးကြီးတစ်ယောက် ဟိုအသင်း ၊ ဒီအသင်းတွေမှာပတ်ပြီးခြေစွမ်းအစမ်းသပ်ခံတယ်ဆိုတဲ့သတင်းကိုတော့ မှတ်မိကြပါလိမ့်မယ်။ သူ့နာမည်က ဖိုင်ဘိုလ်ကီးယား … ဘရူနိုင်းတော်ဝင်မိသားစုဝင်ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားကို ပေါ်တူဂီကလပ်အသင်း မာရစ်တီမို ဖက်က ဒီဇင်ဘာလမှာ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ သူက အာဆင်နယ် ၊ ချဲလ်ဆီး တို့ထံမှာ ခြေစွမ်းစမ်းသပ်ခံခဲ့ရဖူးပြီး လက်စတာအသင်းနဲ့ဆိုရင် တော်ေတာ်လေးအချိန်ကြာခဲ့သူဖြစ်ပါတယ်။ အခုတော့သူက အရှေ့တောင်အာရှကိုရောက်ရှိလာခဲ့ပါပြီ။
ကျောနံပတ် ၁၁ ကိုဝတ်ဆင်တဲ့ ဘိုလ်ခီးယားဟာ အခုအချိန်ထိ တစ်ဂိုးမှမသွင်းနိုင်သေးပေမယ့် ထိုင်းကလပ် ချောင်ဘူရီအတွက် ၁၀ ပွဲကစားပေးပြီးချိန်မှာ ၃ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါပြီ။ အဆိုပါ ၁၀ ပွဲအနက် ၅ ပွဲမှာသူက ပွဲထွက်ကစားသမားဖြစ်ခဲ့တာပါ။ အခုအချိန်မှာတော့ ဘိုလ်ခီးယားဟာ သူ့ရဲ့ ၂၃၂၀၀၀ ဦးသော Instagram ပရိတ်သတ်တွေကို လူနေမှုဘဝကျော်ကြားမှုထက် ဘောလုံးအောင်မြင်မှုနဲ့စတင်ဖျော်ဖြေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာပြေးလွှားနေပုံ ၊တဖက်နောက်ခံလူတွေနဲ့ရင်ဆိုင်နေပုံ ၊ အသင်းသစ်အတွက်ကစားနေပုံတွေဟာ လူမူကွန်ယက်မှာနေရာယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ချောင်ဘူရီအသင်းနည်းပြဖြစ်သူကလဲ ဘိုလ်ခီးယားကို ခေါ်ယူခဲ့တာဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်ဖြစ်ပြီး ကျော်ကြားမှုကြောင့်မဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။
“ တစ်ကမ္ဘာလုံးက မီဒီယာတွေရဲ့ အာရုံစူးစိုက်ခြင်းကို ခံရတဲ့ကစားသမားတစ်ယောက်အသင်းမှာရှိနေတာသိပ်ပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ် .. ဒါပေမယ့် အဲ့ဒီအချက်က ကွင်းပြင်က ကိစ္စပါ။ ကျွန်တော်တို့ဘောလုံးသမားတစ်ယောက်ကို ခြေစွမ်းနဲ့ အလားအလာတွေအရပဲဆုံးဖြတ်ပါတယ် .. ပထမဦးစွာ သူ့ရဲ့ ပရိုဖက်ရှင်နယ်စွမ်းရည်ကိုအကဲဖြတ်ပါတယ်။ နာမည်ကျော်ကြားခြင်း အစရှိတဲ့ အခြားသော အချက်တွေကို ထည့်မတွေးပါဘူး။ အသင်းရဲ့တိုက်စစ်အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုလို့ ယုံကြည်ပါတယ်။ သူ့ရဲ့အစွမ်းအဆ ၊ အတွေ့အကြုံတွေက အသင်းအတွက် အကျိုးပြုစေပါတယ် … သူရှိနေတာ ထိုင်းလိဂ်ကို ပိုပြီးစိန်ခေါ်နိုင်စေပါတယ် “ ဆိုပြီးပြောခဲ့တာပါ။
ဘိုလ်ခီးယားကိုယ်တိုင်ကလည်း အသင်းသစ်ကိုရောက်ရှိလာခဲ့ခြင်းအတွက်ပျော်ရွင်နေပြီး ကစားသမားဘဝအတွက် တိုးတက်မှုတစ်ခုလို့ ပြောဆိုခဲ့ပါတယ်။ ဘရူနိုင်းတော်ဝင်မိသားစုဝင်တစ်ယောက်ရဲ့ အားကစားသမားဘဝကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။
“ ကျွန်တော့်အနေနဲ့ ကစားသမားဘဝရဲ့ ပန်းတိုင်ကို ပိုပြီးသတိထားလာရပါတယ်။ နည်းပြနဲ့စကားပြောပြီးတဲ့အခါ ဒီအသင်းကိုပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကပဲ ကျွန်တော့်အတွက် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ပြသဖို့အခွင့်အရေးရခဲ့ပါတယ် .. ဒီအသင်းမှာကစားရတာ ကစားသမားဘဝရဲ့တိုးတက်မှုတစ်ခုအဖြစ်ခံစားနေရပါတယ် “ လို့ သူကဆိုပါတယ်။
ချဲလ်ဆီးနဲ့အတူအစမ်းသပ်ခံစဥ်ကာလတုန်းကလဲ သူရဲ့နောက်ကြောင်းရာဇဝင်ဘယ်သူမှန်းမသိရလောက်တဲ့အထိကို တည်ငြိမ်ပြီး နှိမ့်ချတတ်တယ်လို့ ကစားဖော်တွေက ဆိုကြပါသေးတယ်။ ကမ္ဘာ့အချမ်းသာဆုံးကစားသမားဟာ အခုအချိန်မှာတော့ ဘောလုံးနဲ့အတူ နာမည်ထွက်စပြုလာပြီဆိုရပါမယ်။
Leave a Reply