ပြင်ဆင်ချိန် ၄၈ နာရီနဲ့ ဗီလာပတ်ခ် ခရီးစဥ်

ပြီးခဲ့တဲ့အရာတွေဟာ အတိတ်မှာပဲ ကျန်ခဲ့ပြီဖြစ်တာမို့ ဘာမှတော့ ပြောင်းလဲလို့မရပါဘူး။ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကို အချိန်နောက်ပြန်ရစ်ပြီး ပြောင်းလဲလို့ မဖြစ်တာမို့ နာကျင်စိတ်ပျက်စရာတွေကို အတိတ်ရဲ့ ရက်စွဲမှာပဲ ချန်ထားခဲ့ပြီး စနေနေ့မှာ ကစားမယ့် အက်စ်စတွန်ဗီလာနဲ့ ပွဲစဉ်ကိုပဲ အာတီတာနဲ့ သူရဲ့ကောင်လေးတွေ အပြည့်အ၀ အာရုံစိုက်ဖို့ လိုပါလိမ့်မယ်။ 

ခြေစွမ်းပြလာနိုင်ခြင်းနဲ့အတူ စိတ်ခံစားမှုတွေရော ၊ မျှော်လင့်ချက်တွေပါ မြင့်တက်လာနေကြတဲ့ အာဆင်နယ်ပရိတ်သတ်တွေဟာ ကိုယ်ရှုံးနိမ့်ခဲ့တာ ဘယ်လိုအသင်းကိုဖြစ်တယ်ဆိုတာကို မေ့လျော့သွားခဲ့ကြပြီး အသင်းအပေါ်ကိုအားမလိုအားမရတွေဖြစ်လာကြပြန်ပါတယ်။ ဒါ့အပြင် အာတီတာကို မနှစ်သက်တဲ့အမြင်ရှိသူတွေဟာလည်း  Title Contender ကိုရှုံးနိမ့်မှုဆိုတဲ့အချက်ကိုချန်လှပ်ပြီး  အသင်းရဲ့အခြေအနေဆိုးရွားနေတယ်ဆိုတဲ့ Narrative ကိုလည်းပြန်လည်တင်သွင်းလာကြပြန်ပါတယ်။ အဲ့ဒီအထဲမှာ ပရိတ်သတ်တွေအပြင် Pundit တွေကအစပါဝင်နေတာကိုလည်း အံ့သြစရာမြင်တွေ့ရပါတယ်။

ဒါပေမယ့် စိန်ခေါ်မှုစစ်စစ်တွေက သူ့နေရာနဲ့သူရှိနေကြပါတယ်။  အရင်ဆောင်းပါးတွေမှာသုံးသပ်ခဲ့သလိုပဲ  အာတီတာနဲ့ အသင်းသားတွေဟာ တစ်ပွဲရှုံးမိရင်  ၅ ပွဲစာလောက်ဖိအားအောက်ရောက်တာဖြစ်လို့  ဘာမင်ဂမ်မြို့ခရီးစဥ်ဟာ သေရေးရှင်ရေးသဖွယ်ဖြစ်လာခဲ့ပြန်ပါပြီ။

ရှုံးပွဲတစ်ပွဲပြီး‌တဲ့ နောက် ဗီလာပါ့ခ်မှာ ရင်ဆိုင်ရမယ့်တိုက်ပွဲအတွက် အာတီတာတို့လူစုဟာ ပြင်ဆင်ချိန် ၄၈နာရီသာ ရှိပါတယ်။ ဒီအချိန်တိုလေးအတွင်းမှာ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့စွမ်း‌ ဆောင်ရည်ပိုင်းတွေ အတွက် အာတီတာ ဘယ်လိုပြင်ဆင်လာမလဲဆိုတာကတော့ စိတ်၀င်စားစရာပါပဲ။ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင်တော့ လာမယ့် သီတင်းပတ်မှာ နိုင်ငံတကာပွဲစဉ်တွေသာ ရှိတာကြောင့် ပရိသတ်တွေကတော့ ပရီးမီယားလိဂ်ပွဲစဉ်တွေကို ခဏလောက်လွမ်းရဦးမှာပါ။ 

စတီဗင်ဂျာရတ်ရဲ့ လက်အောက်မှာ အက်စ်တွန်ဗီလာဟာ အရင်ကထက်ပိုကောင်းလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ၀က်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပေမယ့် အသင်းဟာ ပုံစံကောင်းတစ်ခုရနေပြီး ကော်တင်ဟို၊ မတ်တီကက်ရှ်နဲ့ ဂျက်ကော့ရမ်ဆေးတို့လို တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ 

နောက်ဆုံးတွေ့ဆုံမှု ခုနစ်ကြိမ်မှာ ဗီလာက ၃ကြိမ်၊ အာဆင်နယ်က ၄ ကြိမ်အနိုင်ရထားပြီး နောက်ပိုင်းနှစ်တွေမှာ ဗီလာဟာ အာဆင်နယ်ကို ဒုက္ခပေးနေခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာတော့ ဗီလာက ၃ပွဲနိုင်၊၂ပွဲရှုံးထားပြီး အာဆင်နယ်က ၄ ပွဲနိုင် ၁ပွဲရှုံးနိမ့်ထားပါတယ်။ 

တစ်ခုစောင့်ကြည့်စရာ ရှိတာကတော့ အာဆင်နယ်ရဲ့ ပေါက်ကွဲအားကိုပါပဲ။ လူငယ်ကစားသမားအများစုနဲ့ တည်ဆောက်ထားတဲ့ အသင်းဖြစ်တာကြောင့် စိတ်ဓာတ်အတက်အကျလွယ်နိုင်ပေမယ့်လည်း မန်နေဂျာအာတီတာ၊ အသင်းခေါင်းဆောင်လာကာဇက်တို့ရဲ့ ဦးဆောင်မှုအောက်မှာ စည်းလုံးမှုအပြည့်ရှိနေတဲ့ အသင်းသားတွေဟာ ‌ဗီလာနဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ ပွဲစဉ်ကအရှုံးအတွက် ပြန်‌လည်ပေါက်ကွဲလာနိုင်ချေရှိပါတယ်။ 

အာဆင်နယ်အသင်းမှာ ဒဏ်ရာကြောင့် သီတင်းပတ်အနည်းငယ်အနားယူနိုင်ခဲ့တဲ့ တိုမီယာဆုဟာ ဗီလာနဲ့ပွဲစဉ်မှာတော့ အရန်ခုံမှာ မြင်တွေ့ရနိုင်ချေရှိပါတယ်။ အသင်းရဲ့ လူစာရင်းနဲ့ ကစားကွက်ကတော့ အပြောင်းအလဲမရှိနိုင်ပဲ အာတီတာအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တောက်လျှောက်အသုံးပြုခဲ့တဲ့ လူစာရင်းကိုပဲ ဆက်လက်အသုံးပြုသွားဖို့များနေပါတယ်။ 

ဒီပွဲစဉ်ဟာ အာဆင်နယ်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော၊ချန်ပီယံလိဂ် ၀င်ခွင့်အတွက်ပါ အရေးပါတဲ့ ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မြို့ခံပြိုင်ဘက် တဖြစ်လဲ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ရမှတ်ချင်း တူသွားဖို့ ရှိပါတယ်။ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရမယ်ဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်မှုတွေအများကြီးရှိလာမှာဖြစ်သလို အာတီတာနဲ့သူ့ကောင်းလေးတွေရဲ့ခေါင်းပေါ်ကို ဖိအားတွေအများအပြား ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ၅ပွဲဆက် အနိုင်ရခဲ့ပြီးတဲ့နောက် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ချိန်မှာတောင် အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက်ကို မန်ယူနဲ့ စပါးတို့ဆီ အဆုံးရှုံးခံရတော့မှာလားဆိုတဲ့ သံသယတွေကို ဘောလုံးသုတေသီတွေက စတင်ဆွေးနွေးနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ၊ ဒီအချိန်ဟာ စိတ်ဓာတ်ကျနေရမယ့်အချိန်၊ အရှုံးကို ခံစားနေရမယ့်အချိန်မဟုတ်ပဲ အိပ်မက်အတွက် တိုက်ပွဲ၀င်ရမယ့် ပွဲစဉ်ဖြစ်တာကြောင့် အမြှောက်တပ်သားတွေဟာ ဗီလာပါ့ခ်မှာအသူတို့ရဲ့ အမြှောက်တွေကို အကျယ်လောင်ဆုံး ပစ်ဖောက်နိုင်မလားဆိုတာကတော့ စနေနေ့မှ စောင့်ကြည့်ကြတာပေါ့ဗျာ။ 

ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ၇နာရီဖြစ်ပြီး ကွင်းလယ်ဒိုင်ကတော့ အန်ဒီမက်ဒလေးဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: