ဒီနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ လီဗာပူးလ်ကို ဒုတိယပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ ဂျိုတာနဲ့ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ အဆုံးသတ်မသေချာတာရယ်၊ ခံစစ်ပိုင်းအားနည်းတာရယ်က ဒီပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရခြင်းရဲ့အဓိက အကြောင်းပြချက်ဖြစ်ခဲ့တယ်ဆိုမမှားပါဘူး။
ဒီပွဲစဉ်ကနေ အဓိက ပြောစရာ အချက် ၅ ချက်ရှိပါတယ်။ အဲ့ဒီအချက်တွေကို တစ်ခုခြင်း ဆွေးနွေးရမယ်ဆိုရင် ကောင်းတာတွေရော ၊ အားနဲချက်တွေကိုပါမြင်ရမှာဖြစ်ပါတယ်။
(၁) ပါတေးရဲ့ ရပ်တန့်မရတဲ့ ခြေစွမ်း
(၂) အကောင်းဆုံးခြေစွမ်းနဲ့မာတင်နယ်လီ
(၃) အသုံးမချနိုင်ခဲ့ သော အခွင့်အရေးများနဲ့ခံစစ်အမှားများ
(၄) မဖြစ်မနေ အနိုင်ယူရတော့မှာဖြစ်တဲ့အက်စ်တွန်ဗီလာနဲ့ပွဲစဉ်
(၅) ဘယ်သူမှ ပုံစံပျက်မရတဲ့ အသင်းလူစာရင်း တို့ ဖြစ်ပါတယ်။
(၁) ပါတေးရဲ့ ရပ်တန့်မရတဲ့ ခြေစွမ်း
အာဖရိကဖလားပွဲကနေ ပြန်လာပြီးကလည်း ဂါနာကွင်းလယ်လူကြီးဟာ ပါ၀င်ခွင့်ရတဲ့ ပွဲစဉ်တိုင်းနီးပါးမှာ သူ့ရဲ့ ထိပ်တန်းခြေစွမ်းကို ပြသထားနိုင်ပါတယ်။ လီဗာပူးလ်နဲ့ပွဲစဉ်ဟာ ပါတေးရဲ့ ခြေစွမ်းကို စမ်းသပ်မယ့် ခက်ခဲတဲ့ စစ်ဆေးမှုတစ်ခုဖြစ်လာခဲ့မှာ ဖြစ်ပေမယ့် ပါတေးကတော့ ကွင်းလယ်မှာ တကယ်ကို အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။သူ့ရဲ့ ညက်ညောတဲ့ကစားဟန်၊ သေသပ်တဲ့ဘောလုံးထိန်းသိမ်းမှုနဲ့ အေးဆေးတည်ငြိမ်မှုတွေက အသင်းရဲ့ကွင်းလယ်ကို မောင်းနှင်ရမှာ အဓိကကျခဲ့ပါတယ်။
ပထမပိုင်းမှာ အသင်းရဲ့ နောက်တန်းကစားသမားတွေကို အကောင်းဆုံး ကာကွယ်ပေးထားနိုင်ခဲ့သလို လီဗာပူးလ်အနေဲ့ Final Third Zone မှာ ကစားကွက်တည်မရအောင် ပါတေးက တစ်ချိန်လုံးနှောင့်ယှက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးလ်ကို အာဆင်နယ်က သူတင်ကိုယ်တင်ကစားနိုင်ခဲ့ရာမှာ အဓိက ကျခဲ့သူကတော့ သောမတ်စ်ပါတေးပဲ ဖြစ်ပါတယ်။
(၂) အကောင်းဆုံးခြေစွမ်းနဲ့ မာတင်နယ်လီ
လီဗာပူးလ် နောက်တန်းညာအစွန်လွန် အာနိုးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး Right Back Player လို့တောင် ဆိုလိုရတဲ့သူဖြစ်ပါတယ်။ ဒီလိုကစားသမားမျိုးကို မာတင်နယ်လီဟာ ညကပွဲစဉ်မှာ အကြိမ်ကြိမ် ကျော်ဖြတ်ပြီး အခက်တွေ့စေခဲ့ပါတယ်။ ဒီလို အာနိုးလ်ကို ပြိုလဲ စေနိုင်တဲ့ ကစားသမားဟာ ပရီးမီးယားလိဂ်မှာ အများကြီးမရှိပါဘူး။ ညက ပွဲစဉ်မှာ မာတင်နယ်နယ်လီဟာ အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ ရပ်တန့်လို့မရတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။။
သူ့ရဲ့ရွေ့လျားပုံ၊ ပြေးအား၊ ရုန်းအားနဲ့ စိတ်ဓာတ်ပြင်းထန်မှုတွေက အလက်ဇန်းဒါးအားနိုးလ်ကို မကြာခဏဆိုသလို နောက်ကောက်ကျစေခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုး ရယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ဂိုးပေါက်နဲ့အနည်းငယ်လွဲချော်ခဲ့တာကတော့ နှမြောစရာပါပဲ။
(၃) အသုံးမချနိုင်သော အခွင့်အရေးများနှင့် နောက်တန်းအမှားများ
ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေရှိတဲ့ အသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ အသင်းရဲ့ တိုက်စစ်မှူးပြဿနာနဲ့ခံစစ်တည်ငြိမ်မှုအားနည်းနေဆဲဆိုတဲ့ ပြဿနာတွေဟာ ထင်သာမြင်သာ ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ အာဆင်နယ်အသင်းကတောင် အသာရခဲ့သလို ရှိပါတယ်။ မိနစ်ငါးဆယ်လောက် အသာစီးယူခဲ့ပြီးတော့မှ ကိုးမိနစ်အတွင်းမှာ နှစ်ဂိုးခွင့်ပြုလိုက်ရပြီး ကြိုးစားသမျှအားလုံးဟာ ပျက်စီးခဲ့ရပါတယ်။ ဂျိုတာနဲ့ ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရမှာလည်း လီဗာပူးလ်ကောင်းလွန်းခဲ့တယ်ဆိုတာထက် အသင်းရဲ့နောက်တန်းနဲ့ ဂိုးသမားရမ်ဒေးလ်တို့ရဲ့ အားနည်းချက်တို့လို့ဆိုနိုင်ပါတယ်။
ဒီပွဲစဉ်အတွက် ဦးဆောင်ဂိုးစသွင်းဖို့ အခွင့်အရေးရခဲ့တာ အိုဒီဂတ်ဖြစ်ပါတယ်။ နော်ဝေးသားဟာ အပိုင်ကန်သွင်းခွင့်ရခဲ့တဲ့ ဘောလုံးကို သပ်သပ်ရပ်ရပ်နဲ့ မကန်သွင်းနိုင်ခဲ့တာကြောင့် လီဗာပူးလ်ဂိုးသမား ဘတ်ကာက ကာကွယ်နိုင်ခဲ့ပါတယ်။ တကယ်လို့ ဒီဂိုးကိုသာ သွင်းယူနိုင်ခဲ့ရင် ဒီပွဲစဉ်ရဲ့ရလဒ်ဟာ အပြောင်းအလဲ ဖြစ်သွားနိုင်ခဲ့ပါတယ်။
ကိုယ့်အသင်းက အခွင့်အရေးကို အသုံးမချနိုင်ချိန်မှာ ပြိုင်ဘက်ကတော့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချနိုင်ခဲ့တာက ဒီပွဲစဉ်ရဲ့ အနိုင်အရှုံးရလဒ်ကို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဂျိုတာရဲ့ သွင်းဂိုးမှာဆိုရင်လည်း ဘန်ဝှိုက်၊ဂါဘရီယယ်နဲ့ စီဒရစ်တို့ရဲ့ နေရာယူပုံအားနည်းခဲ့သလို ရမ်ဒေးလ်ကလည်း ဂျိုတာရဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းခဲ့တဲ့ ဘောလုံးကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။
ဖာမီနိုရဲ့သွင်းဂိုးမှာဆိုရင်လည်း ဘောလုံးဖျက်ထုတ်ပုံမ သေသပ်ပုံတွေ၊ မတည်ငြိမ်မှုတွေ၊ဆုံးဖြတ်ချက်အမှားတွေကနေ ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ ဒီလိုမျိုးအမှားတွေကို ကျွန်တော်တို့ ခဏခဏ မြင်တွေ့နေလို့မဖြစ်ပါဘူး၊ အသင်းဟာ ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက်ကို တကယ်မက်နေတယ်ဆိုရင်ပေါ့။
(၄) မဖြစ်မနေအနိုင်ယူရတော့မှာ ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်
လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ အက်စတွန်ဗီလာရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် နောက်ထပ်ရှုံးပွဲတစ်ပွဲကို ထပ်ကြုံတွေ့ရမယ်ဆိုရင် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေနိုင်သလို အဆင့်လေးနေကာကနေလည်း ဖယ်ပေးရနိုင်ပါတယ်။ လက်ကျန်ပွဲစဉ်တွေကလည်း စပါးလ်၊ ချဲလ်ဆီးတို့လို အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် အသင်းရဲ့ချန်ပီယံလိဂ်၀င်ခွင့်အတွက် အိပ်မက်ကို အသက်သွင်းဖို့ ဆိုရင် လက်ကျန်ပွဲစဉ်တွေမှာ အမှားခဏခဏ လုပ်ဖို့ မဖြစ်ပါဘူး။
အက်စတွန်ဗီလာနဲ့ပွဲစဉ်အတွက် ပြင်ဆင်ချိန်ဟာ သိပ်မရှိပါဘူး။ ၄၈နာရီရတဲ့အချိန်မှာ အာတီတာဟာ သူ့ရဲ့ကောင်လေးတွေကို အကောင်းဆုံး ပြင်ဆင်ထားဖို့တော့ လိုအပ်နေပါပြီ။ ဘာလို့လဲဆိုတော့ စနေနေ့မှာ အမှတ်ဆုံးရှုံးနိုင်တဲ့ ဘယ်လိုအကြောင်းရင်းကိုမှ ခွင့်ပြုလို့မရတော့လိုပါပဲ။
(၅) ဘယ်သူမှ ပုံစံပျက်မရတဲ့ အသင်းလူစာရင်း
ကစားသမားတစ်ယောက် ပွဲအချို့မှာ ပုံစံကောင်းမရတာ ၊ နည်းပြရဲ့ဆုံးဖြတ်မှာ အားနည်းချက်ရှိတာဆိုတာ ဘောလုံးအားကစားရဲ့ပုံမှန်ဖြစ်စဥ်များပါပဲ။ ဒါပေမယ့် လူစားလဲစရာနဲပါးတဲ့အသင်းမှာတော့ ဘာတစ်ခုမှ မှားခွင့်မရှိပါဘူး။ ဒီအကြောင်းကို အရင်ဆောင်းပါးတွေမှာလဲ ထည့်သွင်းရေးသားဖူးပါတယ်။ ဆာကာ ၊ ရမ်းစ်ဒေးလ်တို့ရဲ့ ပုံစံကောင်းတွေဟာ အသင်းမှာ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမနိုင်တဲ့အနေအထားမျိုးမှာ မဟုတ်ရင် တစ်ချက်ကလေးတောင်မှားလို့မရပါဘူး။ လူသားအနေနဲ့ အမှားရှိတတ်တယ်ဆိုပေမယ့် ဒီရာသီလက်ကျန်ပွဲတွေမှာတော့ ခနလောက်စက်ရုပ်ဖြစ်ပေးဖို့ပဲတောင်းဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာအနေနဲ့လည်း (မမျှတရာကျပေမယ့်) သူ့မှာရှိတဲ့ Resource က ၁% အမှားကိုတောင်လက်မခံနိုင်ဘူးဆိုတာ သိထားဖို့လိုအပ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ပွဲစဥ်ဆိုတာ ရှုံးမယ်လို့ ကြိုတွက်ထားခဲ့တဲ့ ၊ ရှုံးနိုင်ချေများတဲ့ ပွဲစဥ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အထွေအထူးနစ်နာတယ်လို့မဆိုနိုင်ပေမယ့် အသက်တမျှအရေးကြီးချိန်မှာတော့ အရာရာဟာ ရည်မှန်းချက်တွေအတွက် လမ်းကြောင်းပြောင်းသွားနိုင်တာကိုတော့သိထားရပါလိမ့်မယ်။
Leave a Reply