ပါတေးကို သီးသန့်ချီးကျူးသွားတဲ့ရှီးယားရား
လီဗာပူးလ်အသင်းကို ၀ – ၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြသခဲ့တဲ့ ပါတေးရဲ့ စွမ်းဆောင်ရည်ကို ကစားသမားဟောင်းကြီး အလန်ရှီးယားရားက အခုလိုပဲ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။
“ သောမတ်စ်ပါတေးဟာ နောက်တန်းကစားသမား ၄ ယောက်ရဲ့ရှေ့မှာ တော်တော်အထင်ကြီးစရာကောင်းအောင်ကစားသွားနိုင်ခဲ့တာပါ။ သူက ဖြစ်လာသမျှတိုက်စစ်ကိုတားဆီးပြီး တဖက်အသင်းတိုက်စစ်မှုးတွေဆီမရောက်အောင်တားဆီးနိုင်သူပါ “ ဆိုပြီး Premier League Productions အစီအစဥ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပိုကောင်းခဲ့တဲ့ အခိုက်အတန့်တွေကို ရောဘတ်ဆန်ပြောပြလာ
လီဗာပူးအသင်းနောက်ခံလူရောဘတ်ဆန်က ပထမပိုင်းမှာ အာဆင်နယ်က ပိုကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၊ လူငယ်ကစားသမား ၂ ယောက်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
“ ကျွန်တော်တို့က ပွဲကိုကောင်းကောင်းစနိုင်ခဲ့တယ်၊ အခွင့်အရေးတွေလဲဖန်တီးနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာသူတို့ပိုကောင်းခဲ့ပါတယ်၊ ကျွန်တော်တို့က ကိုယ်လုပ်နိုင်တယ်လို့ယုံကြည်တဲ့အတိုင်းနေရာလွတ်အချို့ကိုတော့ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူတို့ဖက်က မာတင်နယ်လီနဲ့ ဆာကာတို့ကတော့ တကယ်ကို အပြင်းအထန်ကြိုးစားကစားကြတဲ့သူတွေပါပဲ “ လို့ ပွဲ အပြီးမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။
လီဝန်ဒေါစကီးသတင်းတွေပြန်လည် လှုပ်ခတ်လာ
ဘိုင်ယန်မြူးနစ်အသင်းဖက်က စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိသေးဘူးလို့ လီဝန်ဒေါစကီးရဲ့ အေးဂျင့်က ထုတ်ပြောလာတာကြောင့် အာဆင်နယ်အသင်းနဲ့သတင်းတွေက ပြန်လည်လှုပ်ခတ်လာပါတယ်။ လီဝန်ကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေကြောင်း Four Four Two က ရေးသားထားခဲ့သလို မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ Fichajes က ရေးသားခဲ့တာပါ။
လူကာဂျိုဗစ်ကိုခေါ်ယူပါက အိုဒီဂတ်တုန်းကလိုပဲ အကျိုးများနိုင်တယ်လို့ Football London သုံးသပ်လာ
ရီးရဲမက်ဒရစ်မှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှုးလူကာဂျိုဗစ်ကို ခေါ်ယူပါက အိုဒီဂတ်တုန်းကလိုပဲ အကျိုးအမြတ်များစွာရရှိနိုင်မယ်လို့ Football London ကသုံးသပ်ဖော်ပြလာပါတယ်။ ဆာဘီယားသားအတွက် အာဆင်နယ်အသင်းက ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပေမယ့် လက်တွေ့တော့ခရီးမရောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်တို့ဟာ ရီးရဲမက်ဒရစ်ရဲ့ ဟာဇက်ကို ကြိုးပမ်းနေတယ်ဆိုတဲ့ ကောလာဟာလအချို့လဲထွက်ပေါ်လာပါတယ်။
အိုဒီဂတ်ရဲ့ ကန်သွင်းချက်ကို နှမျောတသဖြစ်နေတဲ့ အီယန်ရိုက်
လာကာဇက်ရဲ့ ကြိုးစားအားထုတ်မှုကနေရရှိလာတဲ့ ဂိုးသွင်းခွင့်ကို လွဲချော်ခဲ့တဲ့အပေါ်မှာ အီယန်ရိုက်က အခုလိုပဲမှတ်ချက်ပေးလာခဲ့ပါတယ်။ “ လာကာဇက် က အခွင့်ကောင်းကိုဖန်တီးပေးခဲ့တာပါ။ အိုဒီဂတ်က အခုထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် သူကအခွင့်ကောင်းကို ဖြုန်းတီးမိခဲ့ပါတယ်။ သိပ်ကောင်းတဲ့ကန်ချက်ကို ကာကွယ်သွားတဲ့အပေါ် ချီးကျူးရမှာဖြစ်ပေမယ့် ဂိုးသင့်တဲ့ အလုံးဆိုတာကိုလဲ သိထားရပါလိမ့်မယ်။ ဒီကန်ချက်က ဝင်သွားသင့်ပါတယ် “ လို့ပြောဆိုလာတာဖြစ်ပါတယ်။
Leave a Reply