လီဗာပူးလ်ဂန္တဝင်ဖြစ်သူ ဒန်နီမာဖီက Stadium Astro အစီအစဥ်နဲ့ တွေ့ဆုံရာမှာ အဆင့် ၄ ဝင်မယ့်အသင်းနဲ့ပတ်သတ်ပြီးအခုလိုပဲမှတ်ချက်ပေးခဲ့ပါတယ်။
“ ပွဲစဥ်ဇယားကို ကြည့်ပြီးတဲ့အခါ ခံစားချက်တစ်ခုဖြစ်လာပါတယ်။ ကျွန်တော်က အာဆင်နယ်ကို ကြိုက်တာပါ၊ ဒါပေမယ့် စပါးအသင်းက အဆင့် ၄ ရမယ်လို့ထင်မိတယ်ဗျ “ ဆိုပြီး မှတ်ချက်ပေးလာပါတယ်။
“ အကြောင်းပြချက်က ၂ ခုရှိပါတယ်၊ ပထမတစ်ချက်က ကွန်တီပါ .. သူက သွားလေရာနေရာမှာအောင်မြင်မှုရတဲ့သူဖြစ်ပါတယ်။ တခါတရံမှာ မန်နေဂျာတွေက တော်စရာမလိုပါဘူး၊ ကံကောင်းဖို့ပဲလိုပါတယ်။ ကံလဲကောင်း အရည်အချင်းကလဲရှိတယ် ဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့ဗျာ … နောက်တစ်ချက်ကတော့ ဟယ်ရီကိန်းပေါ့ … သူက အချိန်ကိုက်ကို ခြေစွမ်းပြနေတာဗျ။ သူ့ကို ကြည့်ရတာ အင်ပြည့်အားပြည့်ပါပဲ “ ဆိုပြီးပြောဆိုလာတာပါ။ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာအသာရမှုရှိထားပေမယ့် သုံးသပ်သူတော်တော်များများရဲ့ အလေးပေးမှုကို မခံရသေးပါဘူး။
“ ဒါကြောင့် စပါးအသင်းက တစ်စုံတစ်ရာဖြစ်ထွန်းသွားမယ်လို့ ခံစားနေရတာပါ။ စပါးအသင်းကစားသမားဟောင်းတစ်ယောက်အနေနဲ့လည်း မျှော်လင့်ထားမိပါတယ် … ဖြစ်ဖို့တော့ခက်ပါတယ် “ လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့တွဲပြီး လူသိများတဲ့ မာဖီဟာ စပါးအသင်းအတွက် ၂ ရာသီကစားပေးခဲ့ပြီး ၂၉ ပွဲကစား ၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာ အာဆင်နယ်အသင်းဟာ အဆင့် ၅ က မန်ချက်စတာယူနိုက်တက်အသင်းထက် ၂ ပွဲလျော့ ၁ မှတ်အသာ ၊ စပါးအသင်း ထက် ၁ ပွဲလျော့ ၃ မှတ်အသာနဲ့အဆင့် ၄ မှာရပ်တည်နေနိုင်တာဖြစ်ပြီး အဆိုပါအသင်း ၂ သင်းစလုံးနဲ့ ထိပ်တိုက်တွေ့ဖို့တော့ကျန်ရှိနေပါသေးတယ်။
လီဗာပူးလ်ကိုရှုံးနိမ့်အပြီးမှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး ချီးကျူးမှုတွေရရှိခဲ့သလို ၊ အာတီတာကိုယ်တိုင်ကလဲ ကျေနပ်ကြောင်းပြောဆိုလာခဲ့ပါတယ်။ ဂန်းနားတို့ဟာ အနီးဆုံးပြိုင်ပွဲအဖြစ် စတီဗင်ဂျာရတ်ရဲ့ ဗီလာနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
Leave a Reply