
လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးအတွက် အချိန်တစ်ခုမှာ လုပ်ငန်းခွင်ကို ဝင်ကြရတယ်မဟုတ်လား။ အလုပ်လုပ်ကြပြီဆိုရင် ဘယ်သူကတော့ တော်တဲ့ဝန်ထမ်း၊ ဘယ်သူကတော့ သိပ်မကြိုးစားတဲ့ ဝန်ထမ်းဆိုပြီး ကွဲပြားသွားကြတယ်။
တစ်ချို့တွေက ထိပ်တန်းနေရာတွေမှာ ရာထူးကြီးတွေနဲ့ အောင်မြင်သွားကြပေမယ့် တစ်ချို့တွေကတော့ သာမာန်ဘဝကနေမတက်ပဲ ရုံးကန်နေကြရတယ်လေ။
လူ့သဘာဝက ရှင်းပါတယ်။ သူများ ၁၀၀၀ ရရင် ကိုယ်လည်း ၁၀၀၀ ရချင်ကြတာချည်း။ ဒါပေမယ့် လူတိုင်းမရကြတာက ကြိုးစားပုံ ကြိုးစားနည်းနဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေကြောင့်ပါပဲ။
ကိုယ်က ရည်မှန်းချက်ကြီးမားတယ်၊ ထက်မြက်ပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် ကိုယ့်ဆီမှာရှိနေတဲ့ အမူအကျင့်ဆိုးတွေကို ပြုပြင်ပြီး အောက်ပါနည်းလမ်းတွေနဲ့အတူ ကြိုးစားကြည့်လိုက်ပါ။
ကိုယ်လိုချင်တဲ့ ဘဝပန်းတိုင်ဆီကို ရောက်ဖို့ ဒီလမ်းညွှန်ချက် ၁၂ ချက်က ကူညီပေးပါလိမ့်မယ်။
မေးခွန်းထုတ်ပါ
အရာရာ နောက်မှာ နေတတ်သူတစ်ယောက်က ထက်မြက်တဲ့လူမဟုတ်ပါဘူး။ သိလိုစိတ်မြင့်မားမယ်၊ မေးသင့်မြန်းသင့်တာကို မေးရဲမြန်းရဲ ရမယ်။ ကိုယ်တိုင်လည်း အသိဉာဏ်ဗဟုသုတမြင့်မားအောင် ပြင်ဆင်ထားရမယ်။
- စာများများဖတ်ပါ
ကိုယ်နိုင်သလောက် ကိုယ်စွမ်းသလောက် စာပေလေ့လာဖတ်ရှူတာကလည်း တော်တဲ့ ထက်မြက်တဲ့ လူပုဂ္ဂိုလ်တို့ရဲ့ အလေ့အကျင့်တစ်ခုပါပဲ။

- ကိုယ့်ကို စိတ်ခွန်အားပေးနိုင်မယ့်အရာကို ရှာဖွေပါ
ဘယ်လိုအရာမျိုးက ကိုယ့်ကို စိတ်အားတက်ကြွစေသလဲ၊ အခက်အခဲကြုံချိန်မှာ အားအင်ဖြစ်စေသလဲဆိုတာကို သိနားလည်အောင်လုပ်ဖို့ လိုအပ်ပါတယ်။
- အတွေးအခေါ်သစ်၊ နည်းလမ်းသစ်တွေ တွေးတောကြံဆနေပါ
ပုံမှန်လုပ်နေကျ အရာတွေကို ဖန်တီးလုပ်ကိုင်နေရရင်တောင်မှ ပိုကောင်းတဲ့ ပိုလွယ်ကူစေမယ့် နည်းလမ်းတွေကို အမြဲတစေစဉ်းစားတွေးခေါ်နေဖို့ လိုအပ်ပါတယ်။ အိုင်ဒီယာအသစ်အဆန်းတွေ ထုတ်နိုင်ဖို့လည်း အမြဲမပြတ် ကြံစီစဉ်းစားနေဖို့ လိုအပ်ပါတယ်။
- ကိုယ့်ထက် ပိုတော်တဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ
ကိုယ့်ထက် ညံ့တဲ့လူတွေနဲ့ မဆက်ဆံရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ထက်ပိုတော်တဲ့လူတွေဆီကနေ သင်ယူဖို့အတွက် သူတို့နဲ့ ပိုနီးကပ်စွာ ဆက်ဆံဖို့ လိုအပ်ပါတယ်။
- လူတိုင်း အစကနေစတင်ရတယ်ဆိုတာကို မမေ့ပါနဲ့
ဘယ်လောက်တော်တဲ့ လူဖြစ်ဖြစ် သုညအခြေအနေကနေ လေ့လာရင်း ကြိုးစားရင်း ဒီကနေ့အခြေအနေကို ရောက်လာတာပါ။ ဒါကို ကိုယ်တိုင်နားလည်ထားဖို့ လိုသလို ဒီအချက်ကို အခြေခံပြီး ကိုယ်တိုင် ကြိုးစားဖို့ လိုအပ်ပါတယ်။
- အချိန် မဖြုန်းပါနဲ့
အချိန်တိုင်း အလုပ်တွေလုပ် ပညာရပ်တွေ လေ့လာပြီးနေနေဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မလိုလားအပ်ပဲ အချိန်ဖြုန်းမိနေတာမျိုးတွေကိုတော့ ရှောင်ပါ။ အိပ်ယာကို ထသင့်တဲ့အချိန်မှာမထပဲ အိပ်ယာထဲ ခွေနေတာမျိုးပေါ့။
- ကျန်းမာအောင်နေပါ
ဘယ်လောက် တော်တော် ကျန်းမာရေး မကောင်းရင် အလကားပါပဲ။ လေ့ကျင့်ခန်းလုပ် အာဟာရပြည့်ဝအောင်စား၊ အိပ်ချိန် မှန်မှန်အိပ်ပြီး ကျန်းမာအောင် နေထိုင်မှ ကိုယ့်ရဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့်ရမှာပါ။

- အလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကို တွန်းအားပေးပါ
ကိုယ့်ကိုယ်ကို အမြဲ တွန်းအားပေးနေဖို့ လိုအပ်ပါတယ်။ ငါ ဒီနေ့ ၂ ခုပြီးရင် နက်ဖြန်မှာ ၃ ခု ပြီးအောင် လုပ်နိုင်မလားဆိုတာမျိုး၊ ဒီနေ့ ၅၀% အာရုံစိုက်လုပ်နိုင်ရင် နက်ဖြန်မှာ ၁၀၀% အာရုံစိုက်ပြီး ပိုလုပ်နိုင်ဖို့ ဆိုတာမျိုးပေါ့။
- ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်ပါ
အကြောက်တရားဟာ တွန်းအားဖြစ်သလို ပိုပြီးသတ္တိတွေရှိလာ ပိုပြီးထက်မြက်လာ၊ ပိုပြီးတော်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ငါကြိုးစားမှဖြစ်မယ်၊ ဒီလိုမှ မလုပ်ရင် အဆင်မပြေနိုင်ဘူး၊ ဒုက္ခရောက်လိမ့်မယ်၊ အခက်တွေ့လိမ့်မယ်ဆိုပြီး အမြဲတွေးတောနေဖို့ လိုအပ်ပါတယ်။
- တီဗီရှေ့မှာ ထိုင်နေမယ့်အစား အွန်လိုင်းကနေ လေ့လာကြည့်ပါ
အားလပ်ချိန်တွေမှာ ရုပ်ရှင်ကြည့်တာ၊ တီဗီကြည့်နေရင်း အပန်းဖြေနေတာမျိုးက စိတ်အပန်းပြေစေတာမို့ ကောင်းမန်ပါတယ်။ ဒါပေမယ့် အကန့်အသတ်တော့ ရှိသင့်ပါတယ်။ တီဗီစခရင်ရှေ့မှာ ၁ နာရီထိုင်ဖြစ်ရင် အသိပညာတိုးပွားစေမယ့် Online Learning မျိုးကိုလည်း တစ်နာရီ အချိန်ပြန်ပေးသင့်ပါတယ်။
- ကိုယ်သိထားတာတွေကို မျှဝေပါ
မျှဝေရမှာကို မကြောက်ပါနဲ့။ တစ်ချို့တွေက ကိုယ်သိထားတာလေးတွေ သူများသိသွားတတ်သွားမှာကို ကြောက်တတ်ကြပါတယ်။ ဒါက စိတ်ကောင်းရှိတဲ့ လူတွေရဲ့ အမူအကျင့်မဟုတ်ပါဘူး။ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေကို မျှဝေဖလှယ်မှ ပိုကောင်းတဲ့ အိုင်ဒီယာအသစ်အဆန်းတွေ ပေါ်ထွက်လာမှာပါ။
ကဲ သင်ဟာ ထက်မြက်ပြီး အနာဂတ် ရည်မှန်းချက်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီမဟုတ်လား။
Leave a Reply