အမြှောက်တပ်သားတွေရဲ့ အမ်းမရိတ်တိုက်ပွဲက တစ်ဦးချင်းစွမ်းဆောင်ရည်များ

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ (၂-၀)ဆိုတဲ့ ရလဒ်နဲ့အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ 

ဒီပွဲစဉ်မှာ အသင်းအနေနဲ့ လိုအပ်ချက်အနည်းငယ်တော့ ရှိခဲ့ပေမယ့် ခြေစွမ်းကောင်းတစ်ခုကို ပြသနိုင်ခဲ့တာကတော့ အသေအချာပါပဲ။ဒီပွဲစဉ်မှာ အတောက်ပဆုံးဖြစ်ခဲ့တဲ့ ကစားသမားတွေကတော့ ပါတေး၊ရမ်ဒေးလ်၊ဘန်ဝှိုက်နဲ့ အိုဒီဂတ်တို့ဖြစ်ပါတယ်။ဒီတော့ ဒီပွဲစဉ်မှာ ဘယ်သူတွေ ဘယ်လော‌က်ကောင်းခဲ့လဲ၊လိုအပ်ချက်တွေ ရှိခဲ့လဲဆိုတာကိုတော့ အသေးစိတ် တင်ပြလိုက်ရပါတယ်။ 

  • ရမ်ဒေးလ်ကတော့ လက်စတာစီးတီးနဲ့ ပထမအကျော့တွေ့ဆုံခဲ့တုန်းက မက်ဒီဆင်ရဲ့ ဖရီးကစ်ကန်ချက်ကို လက်စွမ်းပြ ကာကွယ်ခဲ့ပြီး clean sheetရယူနိုင်ခဲ့သလို ဒုတိယအကျော့ အမ်းမရိတ်မှာ ထပ်မံတွေ့ဆုံချိန်မှာလည်း ချေပဂိုးပေးလိုက်ရနိုင်တဲ့ခေါင်းတိုက်ဘောကို ရမ်ဒေးလ်ဟာ မယုံနိုင်စရာကောင်းအောင် လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် လက်စတာအသင်းရဲ့မန်နေဂျာ ဘရန်ဒန်ရော်ဂျာကတောင် အံ့ဩခဲ့ရပြီး လက်ခုပ်တီးချီးကျူးခဲ့ပါတယ်။ 
  • နောက်တန်းဗဟိုလူတွေဖြစ်တဲ့ ဂါဘရီယယ်နဲ့ဘန်ဝှိုက်တို့ကလည်း ၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာ အမှားများခဲ့တာကို အကောင်းဆုံးချေဖျက်ပြခဲ့ပြီး ခံစစ်မှာ တာဝန် အပြည့်အ၀ကျေခဲ့ကြပါတယ်။ဘန်ဝှိုက်ကတော့ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့တဲ့အထိကို ဒီပွဲစဉ်မှာ ကောင်းမွန်ခဲ့တာဖြစ်ပြီး ဂါဘရီယယ်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ လက်စတာရဲ့ ခံစစ်ကို တားဆီးပြခဲ့ပါတယ်။ 
  • စီဒရစ်ကတော့ ဒီနေ့ပွဲစဉ်မှာ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့အားနည်းချက်ကြောင့်  ညာခြမ်းခံစစ်မှာ နေရာလွတ်တွေအများအပြားရှိခဲ့ပြီး လက်စတာစီးတီး တိုက်စစ်အတွက် အခွင့်အရေးအများအပြား ရရှိစေခဲ့ပါတယ်။စီဒရစ်အနေနဲ့ တိုမီယာဆုနဲ့ အပြိုင်ပွဲထွက်ခွင့်တစ်နေရာကို ယှဉ်ပြိုင်ချင်တယ်ဆိုရင် ဒီထက်ပို ကြိုးစားရဦးမှာပါ။ 
  • တီယာနေးက ဒီနေ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်ကိုလည်း အကောင်းဆုံးလိုက်ပါနိုင်ခဲ့ပါတယ်။၀က်ဖို့ဒ်နဲ့ပွဲစဉ်တုန်းကတော့ သူ့ရဲ့ဘယ်ခြမ်းခံစစ်ဟာ အမှားအများဆုံးကျူးလွန်ခဲ့ပေမယ့် ဒီနေ့မှာတော့ တီယာနေးကို တဖန်ချီးကျုးရမှာပါ။ 
  • ကွင်းလယ်မှာတော့ ဖေဖော်ဝါရီလအတွက် အသင်းရဲ့အကောင်းဆုံးကစားသမားဆုရှင် ပါတေးဟာ မြင့်မားတဲ့အဆင့်အတန်းတစ်ခုကို ပြသခဲ့ပါတယ်။ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုကို ခဏခဏ ဖြတ်တောက်ပြခဲ့သလို အိုဒီဂတ်၊ရှာကာတို့နဲ့တွဲဖက်ပြီး ပြိုင်ဘက်ကို အကောင်းဆုံးထိန်းချုပ်ပြခဲ့ပါတယ်။အသင်းအတွက် အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့သလို ဒုတိယပိုင်းမှာရခဲ့တဲ့ ပင်နယ်တီကလည်း ပါတေးကြောင့် ရခဲ့တာ ဖြစ်ပါတယ်။ပထမပိုင်းမှာ ဂိုးဧရိယာထိပ်က‌ နေ လှပတဲ့ ကန်ချက်နဲ့ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့် ဘာတန်းထိထွက်ခဲ့တာကတော့ နှမြောစရာပါပဲ။ 
  • ရှာခါကတော့ ဒီနေ့ပွဲမှာ ပုံမှန်ခြေစွမ်းသာပြသနိုင်ခဲ့ပြီး ချီးကျူးစရာလည်း အများကြီးမရှိခဲ့သလို အပြစ်တင်စရာလည်း မရှိခဲ့ပါဘူး။ 
  • အိုဒီဂတ်ကတော့ ပွဲစဉ်တစ်ပွဲပြီး တစ်ပွဲ ကောင်းပြီးရင်းကို ဆက်ကောင်းနေတော့တာပါပဲလို့ ချီးကျူးရမှာပါ။ပြိုင်ဘက်တွေကို ခဏခဏလှည့်စားပြီး ကျော်ဖြတ်တာတွေ၊အကွက်မြင်တဲ့ ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့သလို ပထမပိုင်းတစ်ပိုင်းတည်းမှာပဲ အသင်းအတွက် အခွင့်အရေးငါးကြိမ် ဖန်တီးပေးခဲ့ပါတယ်။‌ နော်ဝေသားလေးရဲ့ ဘောလုံးပေးပို့ပုံတွေ၊နေရာယူပုံတွေ၊ပြိုင်ဘက်တွေကို ကျော်ဖြတ်ပုံတွေနဲ့ အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်ကို လက်ဖျားခါလောက်အောင် ထိန်းချုပ်မောင်းနှင်ပုံတွေက ဒုတိယအိုဇေးလ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်လွန်းခဲ့ပါတယ်။ 
  • တိုက်စစ်မှာတော့ ဒီနေ့မှာ မာတင်နယ်လီဟာ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ်။ပထမပိုင်းမှာ ဘရာဇီးသားလေးအနေနဲ့ ဘောလုံးကို ကိုင်ထားလွန်းခဲ့ပြီး လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်မချနိုင်ခဲ့တာ တွေ့ရပါတယ်။ဒုတိယပိုင်းမှာတော့ သူ့ရဲ့ ကစားအ၊ရုန်းအားတွေနဲ့ အသင်းကို ပြန်လည်အထောက်အကူပြုနိုင်ခဲ့ပါတယ်။ 
  • လာကာဇက်ကတော့ ဒီနေ့ပွဲမှာ သူ့ရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အမှားအယွင်းမရှိခဲ့တဲ့ ပင်နယ်တီကန်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။အသင်းရဲ့ ကစားကွက်မှာတော့ အများကြီး မပါ၀င်နိုင်ခဲ့ပါဘူး။ 
  • ဆာကာကတော့ သူ့ရဲ့ထုံးစံအတိုင်း ပြိုင်ဘက်ခံစစ်ကို အလုပ်များစေခဲ့ပြီး သူ့ကို တားဆီးဖို့ လက်စတာကစားသမား ၃၊၄ယောက်လောက်က အာဆင်နယ်အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကို ပိတ်ဆို့ထားခဲ့ရပါတယ်။ဒီပွဲစဉ်မှာ မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့ခြေစွမ်းက အကောင်းဆုံးလို့မဆိုနိုင်ပေမယ့် ဒီထက် အများကြီးပိုကြောက်စရာကောင်းလာမယ့်  တိုက်စစ်ကစားသမားတစ်ဦးဆိုတာတော့ ငြင်းစရာမရှိပါဘူး။ 
  • လူစား၀င်လာခဲ့တဲ့ စမစ်ရိုးကတော့ သွင်းဂိုးတစ်ဂိုးရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ရှမိုက်ကယ်ကာကွယ်နိုင်ခဲ့တာကြောင့် နှမြောစရာဖြစ်ခဲ့ပါတယ်။အခြားလူစား၀င်ကစားသမားတွေဖြစ်တဲ့ ပေပေ၊အန်ကက်တီးယားတို့ကတော့ ပွဲပြီးခါနီးမှ လူစားလဲ ၀င်ရောက်လာခဲ့တာကြောင့် ခြေစွမ်းပြဖို့ အခွင့်အရေးမရခဲ့ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: