ချဲလ်ဆီးအသင်းဟာ မရေမတွက်နိုင်တဲ့အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့နည်းပြကတော့ လက်တွဲမဖြုတ်စတမ်းဖြတ်ကျော်သွားကြမယ့်ပုံမှာရှိပါတယ်။
ဘောလုံးလောကမှာ ပရိတ်သတ်အားလုံးနှစ်သက်ရတဲ့ အဖြစ်အပျက်တွေ၊ အခိုက်အတန့်များစွာရှိပါတယ်။ ဥပမာ အရှုံးကနေပြန်လာတာ ၊ အားကစားစိတ်ဓါတ်ကို ပြသနိုင်တာ ၊ လေးစားဖွယ်ရာအပြုအမူကိုပြုလုပ်တာ စသည်ဖြင့်ပေါ့လေ။ စတီဗင်ဂျာရတ်ရဲ့ သစ္စာရှိမှု ၊ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးမိနစ်အောင်ပွဲ ၊ အာဆင်နယ်အသင်းရဲ့ ရွှေဖလား ၊ ဘာစီလိုနာရဲ့ အောင်ပွဲ စတာတွေဟာ ဘောလုံးပရိတ်သတ်မှန်ရင် မိမိအားပေးသော အသင်းဟုတ်ဟုတ် မဟုတ်ဟုတ် အသိအမှတ်ပြုလေးစားပေးကြတာပဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း လုပ်ပွဲအရှုတ်တော်ပုံကြောင့်တန်းဆင်းရတုန်းက အသင်းမပြောင်းကြပဲ အတူတူ စီးရီးဘီထိလိုက်သွားပြီး ချက်ချင်းတန်းတက်အောင်စွမ်းဆောင်ခဲ့ကြတာကိုလဲမှတ်မိပါလိမ့်မယ်။ ဒါတွေဟာ ဘောလုံးလောကရဲ့ နှစ်သက်ဖွယ်ရာအဖြစ်အပျက်တွေပဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ အဖြစ်အပျက်တွေက အပြောင်းအလဲမြန်လွန်းလှပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲဝန်းကျင်တုန်းက CWC မှာချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ပြိုင်သမျှပွဲတိုင်းအောင်နိုင်သူတွေအဖြစ် ချီးမွမ်းခံခဲ့ရပါတယ်။ ပိုင်ရှင် အေဘရာမိုဘစ်ချ်အတွက်လဲ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာလည်း ဒီရာသီအတွက် ပြိုင်ပွဲအားလုံးမှာအသက်ရှိသေးတဲ့အသင်းတစ်သင်းဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့်အရာအားလုံးဟာ တမဟုတ်ခြင်းပြောင်းလဲသွားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်စစ်ကို ဆင်နွှဲခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး Sanction တွေချကြတယ်။ လူသားဆန်မှုကို ပြသကြတယ်။ အကူအညီတွေပေးကြတယ်။ ဒီအချက်တွေကို ချဲလ်ဆီးအသင်းနဲ့ပတ်သတ်သူတွေအားလုံးနားလည်ကြပါတယ်။ စစ်ကိုလဲ ဆန့်ကျင်ခဲ့ကြပါတယ်။ ထိုကိစ္စနဲ့ပတ်သတ်ပြီး ရုရှားလူမျိုးသူဌေးပိုင်ဆိုင်တဲ့အသင်းအနေနဲ့ အတိုင်းအတာတစ်ခုထိ အဖျားခတ်မယ်ဆိုတာကိုလည်း အသင်းတိုင်းက နားလည်ကြပါတယ်။ ဒီအထိကရှင်းပါတယ်။
အသင်းအနေနဲ့ ဆုံးရှုံးမှုတွေရှိမယ်ဆိုတာကိုလည်း နားလည်ထားကြပါတယ်။ သို့သော် အရေးယူမှုတွေရဲ့အတိုင်းအတာကတော့ တဖြေးဖြေးချင်းကြပ်လာခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အခုဆိုရင် အသင်းအနေနဲ့က ဘတ်စ်ကားဆီဖိုးတောင်အခက်အခဲရှိနေပြီဆိုတာသိကြမှာပါ။ ပိုင်ရှင်နဲ့ပတ်သတ်ပြီးပိတ်ဆို့တာထက်ပိုတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။ စာဖတ်သူအချို့ဟာ ဒီဆောင်းပါးကို ခံစားချက်အရ ရေးသားနေတယ်လို့ ပြောကောင်းပြောပါလိမ့်မယ်။ သို့သော် ရီယိုဖာဒီနန်လို ပုဂ္ဂိုလ်မျိုးကအစထောက်ပြဝေဖန်နေကြတာကိုကြည့်ရင် နစ်နာမှုအတွက် စောဒကတက်တာဟာ ရာနှုံးပြည့်အမှားမဟုတ်တာကို သိမြင်ကြပါလိမ့်မယ်။ သို့သော် ထိုအကြောင်းအရာကို အငြင်းပွားဖို့ထက် အခြားအကြောင်းအရာကို ပြောမှာဖြစ်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် ချဲလ်ဆီးကအခက်အခဲ အကျပ်အတည်းကြားထဲမှာဆိုတာသေချာသွားတဲ့နောက် ကွင်းထဲကဘောလုံးသမားတွေဘာဆက်ဖြစ်လာကြပါသလဲ။
နည်းပြတူချယ်ဟာ အခုလိုစကားဆိုလာခဲ့ပါတယ်။
“ အသင်းက ကစားသမားတွေ ဝတ်ဖို့ ဂျာစီရယ် ၊ စီးဖို့ ဘတ်စ်ကားရယ်ရှိနေသေးသ၍ ကစားရမယ့်ပွဲတွေကို အကောင်းဆုံး ကြိုးစားသွားမယ် “
ဒီစကားဟာ ပူဆွေးနေတဲ့ပရိတ်သတ်တွေအားလုံးကို ရင်အေးစေပါတယ်။ တစ်ခုထဲသောစိတ်ထွက်ပေါက်ဖြစ်တဲ့ နိုင်ပွဲတွေကိုယူဆောင်ဖို့အတွက် တာဝန်ရှိသူတစ်ယောက်ရဲ့ မီဒီယာစာမျက်နှာပေါ်ရောက်လာတဲ့ တရားဝင်စကားဖြစ်ပါတယ်။ သူ့ရဲ့ နည်းပြဘဝ Profile လဲလှပသွားပြီဖြစ်သလို အသင်းအတွက်စွန့်ခွာသွားမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားကလည်း ကြားရသူကိုကြည်နူးစေမှာပါ။
ဒီနောက် အသင်းရဲ့အဓိကကျတဲ့ကစားသမား မေဆင်မောင့်ကလည်း
“ ကွင်းပြင်ပမှာကတော့ ကိစ္စပေါင်းများစွာဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာတွေဖြစ်နေတယ်ဆိုတာလဲ သိနေရတာမို့ အာရုံစူးစိုက်ရတော့ခက်ခဲပါတယ်။ ဒါပေမယ့် အခက်အခဲကြားထဲကပဲ ပွဲကောင်းတစ်ပွဲကိုရရှိခဲ့ပါတယ်။ (နောဝစ်ချ်နဲ့ပွဲကိုဆိုလို) ရှေ့ဆက်ပြီးတော့လဲ ကျွန်တော်တို့လုပ်နိုင်တဲ့ ကွင်းတွင်းကိစ္စများအတွက် အာရုံစိုက်ထားပါ့မယ် “
လို့ပြောလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကိုချစ်မြတ်နိုးမှုမှာ ပြောစရာမလိုတဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ယောက်ဟာ အသင်းနဲ့အတူ သမိုင်းဝင်ကာလတစ်ခုကို ထပ်မံဖြတ်သန်းနေပြီဖြစ်ပါတယ်။ ဒါ့အပြင်ကစားသမားအချို့ဟာ လစာမယူပဲကစားဖို့ ဆုံးဖြတ်ထားကြကြောင်းလဲ သတင်းတွေထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးပရိတ်သတ်တွေအနေနဲ့ရော ၊ ဘောလုံးကမ္ဘာမှာပါ ကစားသမားတွေဟာ အခုလိုအချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့ကြတယ်ဆိုတာကို မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အချိန်တန်ရင်ပိုင်ရှင်သစ်ရလာမှာဖြစ်ပါတယ်။ ထို့အတူပဲ အချိန်ကာလတစ်ခုရောက်တဲ့အခါ အခက်အခဲတွေကို တနည်းနည်းနဲ့ ကျော်လွန်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားနဲ့နည်းပြတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဆုံးဖြတ်ချက်တွေကတော့ မှတ်တမ်းဖြစ်သွားခဲ့ပါပြီ။
အခက်ခဲဆုံးအခြေအနေတွေကို ချဲလ်ဆီးနည်းပြနဲ့ကစားသမားတွေဟာ အတည်ငြိမ်ဆုံးနဲ့ သစ္စာရှိရှိဖြတ်သန်းခဲ့တယ်ဆိုတာ ဘယ်တော့မှပြိုလဲမသွားမယ့်မှတ်တမ်းဖြစ်ခဲ့ပါပြီ။ နောင်နှစ်တွေကြာလာတဲ့အခါမှာ ဒီနှစ်မှာ အသင်းသားတွေက ဘယ်လိုတုန့်ပြန်ခဲ့ကြတယ်၊ ဘယ်လိုကြိုးစားခဲ့ကြတယ်ဆိုတာပြန်ပြောဖြစ်ကြဦးမှာပါ။ ဒါ့အပြင်ချဲလ်ဆီးအသင်းက ကွင်းထဲက အောင်မြင်မှုတွေ ရယူဖို့ အတွက်လဲ အခွင့်အရေးရှိနေသေးတာပဲမဟုတ်လား။
Leave a Reply