Wrighty’s House Podcast အစီအစဉ်မှာတော့ အာဆင်နယ် ဂန္တ၀င် အီယန်ရိုက်က ဆာကာအကြောင်း ပြောလာခဲ့ပြီး ဆာကာဟာ အ၀တ်လဲခန်းထဲမှာ ဘယ်လိုမျိုးဆက်ဆံခံရသင့်လဲဆိုတဲ့ကိစ္စအပေါ် သူ့ရဲ့အတွေးအမြင်ကိုလည်း တင်ပြထားပါတယ်။
လက်ရှိအသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆာကာဟာ အသင်းဖော်တွေရဲ့ မြှောက်ပင့်ချီးကျူးမှုတွေကို မဖြစ်မနေလိုအပ်တဲ့ ကစားသမားမျိုးမဟုတ်ဘူးလို့ ရိုက်ကဆိုပါတယ်။ ဒါဟာ အင်္ဂလန်သားလေးက နှိမ့်ချတတ်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့်လို့ သူကဆိုပါတယ်။
“ဘူကာယိုဆာကာကို ကျွန်တော်သဘောကျပါတယ်။ သူဟာ အသက်၂၀ပဲ ရှိသေးပြီး ဖာဘရီဂတ်စ်ပြီးတဲ့နောက် အာဆင်နယ်အတွက် ဂိုး၂၀သွင်းယူပေးနိုင်တဲ့ အငယ်ဆုံး ကစားသမား ဖြစ်ပါတယ်၊ သူက သိပ်တော်ပါတယ်”
“တစ်ခုရှိတာက သူဟာ ဘယ်အဆင့်မှာ ရှိတယ်၊ ဘယ်သူဖြစ်တယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ သူဟာ ဒီအသက်အရွယ်လေးနဲ့ အာဆင်နယ်အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ ရှိနေတာက ကျွန်တော့်ကို အတူတွဲကစားခဲ့ကြတဲ့ လူငယ်ကစားသမားလေးတွေအကြောင်းပြန်တွေးမိစေပါတယ်။ အာဆင်နယ်မှာတော့ ထူးထူးခြားခြား အများကြီးမရှိခဲ့ဘူးပေါ့၊ ဒါပေမယ့် အင်္ဂလန်မှာတော့ လီရှာ့ပ်က အသက်၁၈နှစ်၁၉နှစ်အရွယ်မှာပဲ လက်ရွေးစင်အသင်းကို ရောက်လာခဲ့သူပါ။ ကျွန်တော်တို့ သူ့အကြောင်းကိုမနက်စာစားချိန်ပဲဖြစ်ဖြစ်၊ ညနေစာစားချိန်ပဲ ဖြစ်ဖြစ် အမြဲ ပြောဖြစ်ကြပါတယ်။ အသက်၁၉နှစ်အရွယ်မှာပဲ သူကစားနေတာ တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်လိုပါပဲ။” လို့တချိန်ကအကြောင်းတွေကို ပြန်ပြောင်းပြောပြလာပါတယ်။ ဆာကာဟာ အီယန်ရိုက်ကို ငယ်စဥ်ကအမှတ်တရကောင်းတွေကို ပြန်သတိရစေတဲ့သူတစ်ယောက်လို့ ဆိုရမှာပါပဲ။
“ကျွန်တော်တို့ သူအကြောင်းကို သူမရှိတဲ့အချိန်မှာပဲ ပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူခြေထောက်တွေကို မြေပြင်ပေါ်မှာပဲ ရှိနေစေချင်လို့ပါ (ဘ၀င်မမြင့်သွားစေချင်ပါဘူးလို့ ဆိုတာပါ)။ ဒီအချက်ကိုတော့ အာဆင်နယ်ကစားသမားတွေ ဂရုစိုက်ဖို့တော့ လိုပါလိမ့်မယ်။ ဒါပေမယ့် ဆာကာက အရမ်းကို နှိမ့်ချတတ်ပြီး အောက်သက်ကြေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။သူကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ကြားပေးမယ့်သူ မလိုဘူးလို့ ခံစားမိပါလိမ့်မယ်”
အာဆင်နယ်ဂန္တ၀င်ဂိုးသမားကြီး ဖြစ်သူ ဒေးဗစ်ဆီးမင်းကတော့ ဆာကာဟာ ကွင်းထဲမှာ ဘာကိုမှ အကြောက်အရွံ့မရှိပဲ ကစားနေတာကြောင့် သူ့ရဲ့ပခုံးထက်မှာ ထမ်းထားရတဲ့ ဖိအားတွေကို အခြားသူတွေ သတိထားမိဖို့ ခက်ပါလိမ့်မယ်လို့ ဆိုပါတယ်။
“သူဟာ ဘာဖိအားမှ မရှိပဲ ကစားနေတော့ လူတွေက ပြောကြပါလိမ့်မယ် ၊ ‘သူက ငယ်သေးတာကြောင့် ဘာဖိအားမှမရှိဘူး”လို့ပေါ့။ ဒါပေမယ့် ကျွန်တော်ပြောတာယုံပါ၊ သူ့မှာလည်း ဖိအားတွေရှိပါတယ်။အထူးသဖြင့် ယူရိုပြိုင်ပွဲအပြီးမှာပေါ့။ဒါက ဘယ်လိုမျိုးလဲဆိုတာ သူကောင်းကောင်းသိပါတယ် .. လူတွေရဲ့ မျှော်လင့်ချက်တွေအကြောင်းကို သူသိပါတယ်”
အင်္ဂလန်အသင်းနဲ့အတူ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆာကာဟာ ဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ဝေဖန်အပြစ်တင်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ကနေ ရလာခဲ့တဲ့ ဖိအားတွေက သူ့ရဲ့ကစားသမားဘ၀ကို အချိုးအကွေ့ဖြစ်စေခဲ့ပြီး ဆာကာအတွက် ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ တွန်းအားတစ်ခုဖြစ်ခဲ့တယ်လို့ အာတီတာက ပြောခဲ့ဖူးပါတယ်။
Leave a Reply