ပရီးမီးယားလိဂ်ပွဲစဉ် (၂၅)ပွဲအပြီးမှာတော့ ဂန်းနားတွေဟာ အဆင့်(၄)နေရာမှာ ခန့်ခန့်ညားညားကြီး ရပ်တည်နေနိုင်ပါပြီ။ ဒါပေမယ့် အောင်ပွဲခံရမယ့် အချိန်တော့ မရောက်သေးပါဘူး။ လက်ကျန်ပွဲစဉ် (၁၃)ပွဲ ထပ်မံ ဖြတ်သန်းဖို့ ကျန်နေသေးပြီး ရာသီကုန်ချိန်မှာ ထိပ်သီးလေးသင်းစာရင်း ၀င်ဖို့အတွက် အမြှောက်တပ်သားတွေအတွက် တိုက်ပွဲရှည်တစ်ခုကျန်နေပါသေးတယ်။
လက်ရှိမှာ အသင်းရဲ့ ရလဒ်တွေကော၊ စွမ်းဆောင်ရည်တွေကပါ အတော်လေး ကောင်းမွန်ပြီး အနီးကပ်ဆုံး ပြိုင်ဘက်တွေကတော့ ခြေချော်နေခဲ့ကြပြီး ကံတရားက ဒီတစ်ခါတော့ အာဆင်နယ် ရှိနေတယ်လို့တောင် ဆိုရပါမယ်။
လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးရလဒ်တွေ ဆက်လက်ရယူဖို့ဆိုရင် အာတီတာနဲ့ အသင်းသားတွေ အာရုံစိုက်သွားရမယ့် ကိစ္စလေးတွေတော့ ရှိနေဆဲပါပဲ။အရေးကြီးဆုံးအကြောင်းအရာတွေကို ခွဲခြမ်း စိတ်ဖြာကြည့်တဲ့အခါ ခေါင်းစဉ် (၃)ခု ရှိပါတယ်။ ပထမဆုံးတစ်ခုကတော့ ဒဏ်ရာပြဿနာကင်းရှင်းရေးပါပဲ။
(၁) ဒဏ်ရာပြဿနာကင်းရှင်းရေး
အာဆင်နယ်ဟာ နှစ်တိုင်းလိုလို ဒဏ်ရာပြဿနာရဲ့ ဒုက္ခပေးတာကို ခံရလေ့ရှိပါတယ်။ဒီနှစ်မှာတော့ လက်ရှိအချိန်အထိ အသင်းမှာ ဒဏ်ရာပြဿနာနည်းပါးနေတာက တကယ်ကို ကောင်းမွန်ပါတယ်။
ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းကနေ ကစားသမားအများအပြားထွက်ခွာခဲ့ပြီး အ၀င်ကတော့ လုံး၀သုညပဲဖြစ်ပါတယ်။ အသင်းမှာ စီနီယာကစားသမား လက်တစ်ဆုပ်စာနဲ့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ကျွန်တော်တို့ စိတ်ပူခဲ့ကြပါသေးတယ်။လက်ရှိလူစာရင်းအရတော့ အသင်းရဲ့ ဆေးခန်းမှာ ကစားသမားတစ်ယောက်မှ မရှိတာဟာ အကောင်းဆုံးပါပဲ။
ဥပမာအနေနဲ့ တိုက်စစ်မှာ လာကာဇက်သာ ဒဏ်ရာရသွားခဲ့ရင် အသင်းရဲ့ရလဒ်ကောင်းမွန်မှုတွေဟာ ဇောက်ထိုးတောင်ဖြစ်သွားနိုင်ပါတယ်။အားမနာတမ်းဆိုရရင် အန်ကက်တီးယားဟာ လာကာဇက်ရဲ့ နေရာကို နည်းနည်း လေးတောင် ဖြည့်ပေးနိုင်ဖို့ မလွယ်ပါဘူး။
ဆာကာ ဒဏ်ရာရသွားခဲ့ရင်၊ အိုဒီဂတ်ဒဏ်ရာရသွားခဲ့ရင်၊ ပါတေး ဒဏ်ရာရသွားခဲ့ရင် အစရှိသဖြင့် အသင်းအတွက် မရှိမဖြစ်အရေးပါတဲ့ ကစားသမားတွေကို ဆုံးရှုံးလိုက်ရရင် အစားထိုးအသုံးပြုစရာ ကစားသမား ကျွန်တော်တို့မှာ မရှိပါဘူး။ ဒဏ်ရာ ပြဿနာမှမဟုတ်ပါဘူး၊အသင်းရဲ့ လက်ရှိလူစာရင်းအရ ပွဲပယ်ပြစ်ဒဏ်တွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။
(၂) ခြေစွမ်းမတည်ငြိမ်မှုဖြစ်လာနိုင်တဲ့ လူစာရင်းနဲ့အတွေ့အကြုံအားနဲမှု
အသင်းကို လူငယ်ကစားသမားအများစုနဲ့ တည်ဆောက်ထားတဲ့အတွက် တစ်ခါတစ်ရံမှာ ခြေစွမ်းမတည်ငြိမ်နိုင်တဲ့ ပြဿနာတွေကတော့ ရှိနိုင်ပါတယ်။လက်ရှိမှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေထဲမှာ ခြေစွမ်းအတည်ငြိမ်ဆုံးလို့တော့ ဆိုနိုင်ပါတယ်။
ဆာကာက ၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပေမယ့် အချို့နေ့တွေမှာတော့ သာမန်လောက်သာ ကစားနိုင်ခဲ့တဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ လှပတဲ့သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ မာတင်နယ်လီကလည်း ရှေ့ပွဲစဉ်နှစ်ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဘန်ဝှိုက်၊ ဂါဘရီယယ်တို့လည်း ၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာ တည်ငြိမ်တဲ့ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အိုဒီဂတ်၊ပါတေးတို့ကတော့ ခုနောက်ပိုင်းပွဲစဥ်တွေမှာ အမြဲတမ်းလိုလိုခြေစွမ်းကောင်းပြနိုင်တဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။
လာကာဇက်ပြောဖူးသလိုပါပဲ ၊ လူငယ်ကစားသမားတွေဆိုတာ စိတ်ဓာတ်အတက်အကျလွယ်ပါတယ်။ ဒါကိုတော့ လာကာဇက်တို့လို့ ဝါရင့်စီနီယာကစားသမားကြီးတွေနဲ့ မန်နေဂျာ အာတီတာတို့က ကူညီပေးနိုင်ဖို့ လိုပါတယ်။ သို့သော် နည်းပြအာတီတာကိုယ်တိုင် အမှားအချို့ကျူးလွန်မိတဲ့အခိုက်အတန့်တွေရှိပါတယ်။ သူ့ကို စပါးနည်းပြကွန်တီနဲ့ ခိုင်းနှိုင်းဝေဖန်မှုတွေက အခုထိခိုင်ခိုင်မာမာရှိနေဆဲဖြစ်ပါတယ်။
(၃) အသင်းကြီးတွေနဲ့ ကစားဖို့ ကျန်ရှိနေသေးခြင်း
ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲမှာ အနီးကပ်ဆုံးပြိုင်ဘက်တွေက်ု ကျော်ဖြတ်နိုင်ဖို့ ဆိုရင် ထိပ်တိုက်တွေ့ဆုံမှာတွေမှာ အသာစီးယူနိုင်ဖို့တော့ လိုအပ်ပါတယ်။
အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိထားတာ ပရိသတ်တွေအသိပါပဲ။ လာမယ့် သီတင်းပတ်တွေမှာတော့ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အမှတ်ဆုံးရှုံးရနိုင်ပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ ပြိုင်ဘက်တွေကတော့ လီဗာပူးလ်(အိမ်ကွင်း)၊ မန်ယူ(အိမ်ကွင်း)၊ ၀က်စ်ဟမ်းချဲလ်ဆီးနဲ့စပါး(အဝေးကွင်း)တို့ဖြစ်ပါတယ်။
ဒီပွဲစဉ်တွေထဲမှာ အခက်ခဲဆုံးပြိုင်ဘက် လီဗာပူးလ်နဲ့ချဲလ်ဆီးလို့ဆိုနိုင်ပေမယ့် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တဲ့ ပွဲစဉ်တွေကတော့ မန်ယူ၊စပါးနဲ့၀က်စ်ဟမ်းတို့ကို ရင်ဆိုင်ရမယ့် ပွဲစဉ်တွေပဲဖြစ်ပါတယ်။ ဒီအသင်းသုံးသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အာဆင်နယ်ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တာကြောင့် သူတို့ကို မရှုံးနိမ့်ဖို့တော့ လိုအပ်လှပါတယ်။
Leave a Reply