၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်ဟာ အဆိုးကော၊အကောင်းပါ ရောပြွန်းနေပြီး ကောင်းကွက်တွေက ပိုများတာကြောင့်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ချီးကျူးစရာရှိတဲ့ အချက်တွေကိုတော့ ချီးကျူးရမှာ ဖြစ်ပြီး ဝေဖန်ထောက်ပြစရာတွေရှိတဲ့အခါမှာလည်း ချန်ထားခဲ့လို့တော့မဖြစ်ပါဘူး။ အထူးသဖြင့် အဆင့် ၄ နေရာကို ကာကွယ်ရတော့မှာဖြစ်ပြီး အဓိကပြိုင်ဖက် ၂ သင်းက အချင်းချင်းတွေ့ဆုံနေချိန်မျိုးမှာ လုံးဝမလုပ်သင့်တဲ့အမှားတွေရှိပါတယ်။
၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာ တွေ့ရှိခဲ့ရတဲ့ အသင်းရဲ့ အားနည်းချက်(၃)ခုရှိပါတယ်။အဓိက အားနည်းချက်ကတော့ ခံစစ်ပိုင်းဆိုင်ရာပြဿနာဆိုတာ အသေအချာပါပဲ။
(၁) အသင်းလိုက် ခံစစ်နေရာယူပုံနဲ့ ဘယ်ခြမ်းခံစစ်အားနည်းချက်
လက်ရှိရာသီမှာ အသင်းရဲ့ခံစစ်ကစားပုံဟာ အများကြီးကောင်းမွန်လာခဲ့တယ်လို့ဆိုရပေမယ့် ၀က်ဖို့ဒ်နဲ့ ပွဲစဉ်မှာတော့ အားနည်းချက် အများအပြားတွေ့ခဲ့ရပါတယ်။ Build Up Play မှာလည်း နောက်တန်းမှာ ဘောလုံ့းပေးပို့မှုတွေ မှားယွင်းခဲ့သလို ပြိုင်ဘက်အတွက် အခွင့်အရေးတွေပေးခဲ့ပါတယ်။ ဒီလိုခံစစ်ကစားပုံအားနည်းခဲ့မှုမှာ ခံစစ်ကစားသမားတွေမှာသာ တာ၀န်ရှိတာတော့မဟုတ်ပါဘူး။အသင်းရဲ့ ကစားသမားတွေအားလုံးဟာ ခံစစ်ကစားရချိန်မှာ အားနည်းချက်တွေ ရှိနေတာပဲ ဖြစ်ပါတယ်။
တီယာနေးနဲ့ ဂါဘရီယယ်တို့က ဒီပွဲစဉ် ခံစစ်မှာ အချိတ်အဆက်မမိဖြစ်ခဲ့ပြီး ဘယ်ခြမ်းခံစစ်မှာ နေရာလွတ်ပြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါကြောင့် ၀က်ဖို့ဒ်အသင်းဟာ ညာခြမ်းတိုက်စစ်ကနေ အာဆင်နယ်အသင်းကို အလုပ်ရှုပ်စေခဲ့ပြီး ချေပဂိုးတွေလည်း ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။
၀က်ဖို့ဒ်အသင်းရဲ့ ပထမသွင်းဂိုးမှာတော့ ခံစစ်ဇုန်ထဲမှာ အသင်းရဲ့ကစားသမားတွေ နေရာယူပုံက မေးခွန်းထုတ်စရာပါပဲ။ ရှာခါ၊မာတင်နယ်လီနဲ့ တီယာနေးလ်တို့က ဂိုးဧရိယာထဲမှာ နေရာယူပုံ၊လူကပ်ပုံတွေက မှားယွင်းနေခဲ့ပါတယ်။
နောက်ပွဲစဉ်တွေမှာတော့ ဒီလိုမျိုးအားနည်းချက်တွေ ထပ်မဖြစ်အောင် ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။
(၂) တည်ငြိမ်မှုပျောက်ဆုံးခြင်း
နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းတည်ငြိမ်နေခဲ့တဲ့ ကစားသမားအချို့ဟာ ဒီနေ့ပွဲစဉ်မှာတော့ သူတို့ရဲ့တည်ငြိမ်တဲ့ ခြေစွမ်းကို မပြသနိုင်ခဲ့ပါဘူး။
လက်ရှိရာသီတစ်ခုလုံးမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသထားနိုင်ခဲ့တဲ့ ဂါဘရီယယ်ဟာ ၀က်ဖို့ဒ်နဲ့ ပွဲစဉ်မှာတော့ အနည်းငယ် ပုံစံပျက်နေခဲ့ပါတယ်။ သူ့ရဲ့ အသက်အရွယ်အရ အသင်းရဲ့ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် ထမ်းပိုးထားရတဲ့ဖိအားတွေကြောင့် ဒီလိုမျိုး တစ်ခါတစ်လေ ဖြစ်တတ်တာကိုတော့ နားလည်ပေးလို့ရပါတယ်။
ဒါ့အပြင်အခြားသော နောက်တန်းကစားသမားတွေဖြစ်တဲ့ စီဒရစ်၊ တီယာနေးနဲ့ ဘန်ဝှိုက်တို့ကလည်း ၀က်ဖို့ဒ်နဲ့ပွဲစဉ်မှာ အနည်းငယ်ပုံစံပျက်နေခဲ့ပါတယ်။ အာဆင်နယ်ခွင့်ပြုခဲ့ရတဲ့ ဆစ်ဆိုခိုရဲ့ ဒုတိယသွင်းဂိုးဟာ ဘန်ဝှိုက်ရဲ့အားနည်းချက်ကြောင့်လည်း ပါ၀င်ပါတယ်။ ရမ်ဒေးလ်ဟာလည်း အမှားအယွင်းအချို့ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေကလို တည်ငြိမ်တဲ့ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ မာတင်နယ်လီ၊ ဆာကာ၊ လာကာဇက်၊ အိုဒီဂတ်၊ ပါတေး တို့ရဲ့ ခြေစွမ်းပြမှုကြောင့်သာ ဒီပွဲစဉ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
(၃) အခွင့်အရေးများဖြုန်းတီးခြင်း
အာဆင်နယ်ဟာ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို လွှင့်ပစ်လိုက်တတ်တာကို မကြာခဏ ကျွန်တော်တို့ တွေ့မြင်ခဲ့ပြီးပါပြီ။ ၀က်ဖို့ဒ်နဲ့ ပွဲစဉ်မှာလည်း သုံးဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းသာ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိင်ခဲ့ရင် ဒီထက်ပို ဂိုးပြတ်ခဲ့မှာ ဖြစ်ပြီး ပွဲချိန်နောက်ဆုံးမိနစ်အထိရင်တထိတ်ထိတ်နဲ့လည်း ကြည့်နေစရာ လိုခဲ့မှာ မဟုတ်ပါဘူး။
အဲ့ဒီပွဲစဉ်မှာ အာဆင်နယ်က ဂိုးပေါက်ကန်သွင်းမှု ၁၆ကြိမ်၊၀က်ဖို့ဒ်က ဂိုးပေါက်ကန်သွင်းမှု ၁၃ကြိမ်ဆီရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှုမှာတော့ အာဆင်နယ်က လေးကြိမ်သာ ရှိခဲ့ပြီး ၀က်ဖို့ဒ်က ခုနစ်ကြိမ်အထိရှိခဲ့ပါတယ်။ ပွဲချိန်အများစုကို တိုက်စစ်ဆင်ကစားနေနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မတ်မှု လေးကြိမ်သာ ရှိခဲ့တာကတော့ အသင်းရဲ့ အဆုံးသတ်အားနည်းမှုကို မြင်သာစေပါတယ်။ ဒါပေမယ့်လည်း ဂိုးပေါက်တည့်မတ်မှု လေးကြိမ်မှာ သုံးကြိမ်ဂိုးဖြစ်ခဲ့တာကတော့ ချီးကျူးစရာတစ်ခုပါပဲ။
ပြီးခဲ့တဲ့ဇန်နဝါရီ ဘန်လေနဲ့ ပွဲစဉ်မှာဆိုလည်း အသင်းဟာ များစွာသော အခွင့်အရေးတွေကို ဖြုန်းတီးပြီး အိမ်ကွင်းမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကို ပရိသတ်တွေ အမှတ်ရနေဦးမှာပါ။ အဆုံးသတ်မသေချာတာတွေ၊ပြိုင်ဘက်ဂိုးဧရိယာထဲမှာဆို ကန်ရမယ့်အလုံးကိုမကန်ပဲ ပေးပစ်တာတို့၊ လူပေးရမယ့် အလုံးတွေကို ကိုယ်တိုင်ကန်သွင်းပြီး ဖြုန်းတီးပစ်တာတို့ စတဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုတွေကို တွေ့မြင်နေရဆဲပါပဲ။ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ ဒီထက်ပိုပြီးကောင်းကောင်းကစားနိုင်ဖို့၊အဆုံးသတ်သေချာဖို့တော့ လိုအပ်နေဆဲပါပဲ။
ဘာပဲဖြစ်ဖြစ် အသင်းကသွင်းယူခဲ့တဲ့ သွင်းဂိုးသုံးဂိုးစလုံးကတော့ အဆင့်အတန်းမီသွင်းဂိုးတွေပဲ ဖြစ်တာကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အနိုင်ရလဒ်ရခဲ့တာက အရေးကြီးဆုံးဆိုတဲ့ အချက်ဆိုပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်အတွက် ပြိုင်ဘက်တွေကိုကျော်ဖြတ်ဖို့ဆိုပေမယ့် ဒီလိုအားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
Leave a Reply