လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်နဲ့ လက်စတာတို့ရဲ့ပွဲစဉ်မှာ လက်စတာစီးတီးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဗာဒီပါ၀င်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် နောက်ဆုံး ဆယ်ပွဲမှာ ၂၅မှတ်အထိ စုဆောင်းထားနိုင်ခဲ့တဲ့ အာဆင်နယ်အတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး လာမယ့်သီတင်းပတ်မှာလည်း ရမှတ်၃မှတ်အပြည့်စုဆောင်းနိုင်ဖို့အတွက် အခြေအနေပိုသာသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်စတာနဲ့ ပွဲစဉ်ပြီးတာနဲ့ ငါးရက်အတွင်းမှာ လီဗာပူးလ်၊ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ မရင်ဆိုင်ရခင် အိမ်ကွင်းအမ်းမရိတ်မှာ လက်စတာကို အနိုင်ယူပြီး သုံးမှတ်အပြည့်ရယူဖို့ လိုအပ်နေပါတယ်။
လက်စတာနည်းပြဘရန်ဒန်ရော်ဂျာက ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ဗာဒီပါ၀င်နိုင်မှာ မဟုတ်တဲ့အကြောင်းကို အတည်ပြုသွားခဲ့ပါတယ်။
“ ဗာဒီပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ကံမကောင်းစွာနဲ့ပဲ သူဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရဦးမှာပါ။ သူ ဒူးဒဏ်ရာ ရသွားခဲ့တာ နောက်နှစ်ပတ်သုံးပတ်လောက် နေရင် ပြန်ကောင်းမယ်လို့ လို့ မျှော်လင့်မိပါတယ်။ သူ့ရဲ့တုံ့ပြန်မှုက အဆင်ပြေပါတယ်”
“ကစားပွဲပြီးတော့ နောက်တစ်နေ့မှာ သူက နာကျင်တာကို ခံစားခဲ့ရတာဖြစ်ပါတယ်။ဒါက အသင်းအတွက်ကော သူ့အတွက်ပါ မချင့်မရဲ ဖြစ်စေခဲ့ပါတယ်။အထူးသဖြင့် ပြန်ပြီး ကောင်းအောင် အရမ်းကိုကြိုးစားနေတဲ့ သူ့အတွက်ပေါ့။ အသင်းက ပွဲတစ်ပွဲရဲ့ရလဒ်တွေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့သူပါ”
“ဒီလိုကစားသမားမျိုး ဒဏ်ရာရသွားတာဟာ နည်းပြတွေ၊မန်နေဂျာတွေ၊ကစားသမားတွေအတွက်တော့ မချင့်မရဲ ဖြစ်စရာပါပဲ။လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ သူပြန်ကောင်းလာဖို့ မျှော်လင့်မိပါတယ်” လို့ ဘရန်ဒန်ရော်ဂျာက ဆိုပါတယ်။
ဗာဒီဟာ အာဆင်နယ်နဲ့ နောက်ဆုံးရင်ဆိုင်ခဲ့တဲ့ ၁၄ပွဲမှာ ၄ပွဲသာ အနိုင်ရခဲ့ပေမယ့် သွင်းဂိုးကတော့ ၁၁ဂိုးအထိကို သွင်းယူထားပြီး အာဆင်နယ်နဲ့ တွေ့တိုင်းဂိုးမြူးတတ်တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ဗာဒီဟာ အာဆင်နယ်နဲ့သာမက ပရီးမီးယားလ်ဂ် ထိပ်သီးအသင်းတွေနဲ့ တွေ့တိုင်း ဂိုးမြူးတတ်လေ့ရှိပါတယ်။
အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်ကလည်း သူ့အတွက် အန္တရာယ်အရှိဆုံး ပြိုင်ဘက်တိုက်စစ်မှူးက ဗာဒီဖြစ်တယ်လို့ တစ်ခါက ၀န်ခံခဲ့ဖူးပါတယ်။ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကနေ အခွင့်အရေးကောင်းတွေရထားခဲ့တဲ့ အာဆင်နယ်အတွက် ကံတရားက ဆက်လက်မျက်နှာပေးနေတယ်လို့တောင်ဆိုနိုင်ပါတယ်။
Leave a Reply