ဒီယူဆချက်က နဲနဲတော့ရက်စက်ပါတယ်။ ဒါပေမယ့် စိတ်ကူးသက်သက်ရေးသားထားတာမဟုတ်ပဲ ထွက်ပေါ်လာတဲ့သတင်းကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ်။ ခိုင်မာတဲ့သတင်းမဟုတ်သေးပေမယ့် ဖြစ်ပျက်နေတဲ့အနေအထားတွေပေါ်မူတည်ပြီး ဖြစ်နိုင်ချေကိုထည့်သွင်းစဥ်းစားလိုက်ရတာပါပဲ။
မန်ချက်စတာယူနိုက်တက်ဟာ ရိုနယ်ဒိုကို အသင်းအတွက်အမှန်တကယ်လိုအပ်လို့မဟုတ်ပဲ မြို့ခံပြိုင်ဖက်မန်စီးတီးဆီကို မရောက်သွားအောင်သာ ခေါ်ယူလိုက်တာဖြစ်တယ်လို့ သတင်းချို့ထွက်လာခဲ့ပါတယ်။ ဒီအကြောင်းဟာ ကြားခါစမှာတင် ခါးသီးလွန်းလှပါတယ်။ စိတ်လည်းပျက်စရာဖြစ်ပါတယ်။ ဒါပေမယ့် ခံစားချက်တွေကို ခနထားပြီး လွန်ခဲ့တဲ့ ၇ လတာကာလဆီကို ပြန်သွားကြည့်ရအောင်ပါ။
မန်ချက်စတာယူနိုက်တက်နဲ့မွေးဖွားခဲ့တယ်လို့ ပြောရမယ့် ကစားသမားတစ်ယောက် ၊ ဘဝတစ်လျှောက်လုံးအောင်ပွဲအလီလီရယူခဲ့တယ်။ ထာဝရအကောင်းဆုံးအဖြစ်ဘောလုံးကမ္ဘာကသတ်မှတ်တယ်။ ပြီးတော့ အိမ်ကိုပြန်လာတယ်။ အိမ်မက်ပြဇာတ်ရုံထဲက နောက်ဆုံးကကြိုး “ The Last Dance “ ဆိုပြီးနာမည်တပ်လိုက်တယ်။ သိပ်လှတဲ့ဇာတ်လမ်းပေါ့။ ပြီးတော့ စျေးကွက်ထဲကနေ အားပေးမှုတွေရ ၊ တကမ္ဘာလုံးရဲ့ အာရုံစူးစိုက်မှုတွေရ။ ပြီးတော့ ရိုနယ်ဒိုဟာ အစွမ်းတွေပြ ၊အသင်းကိုကယ်တင်။ သူ့ရဲ့ တစ်ကိုယ်စာမှာလည်း စံချိန်သစ်တင်။
ဒါပေမယ့် ယူနိုက်တက်ရဲ့ ကင်ဆာလိုစွဲကပ်နေပြီဖြစ်တဲ့ ပြသနာအထွေထွေဟာ ရိုနယ်ဒိုကြောင့်မပြေလည်နိုင်ခဲ့ပါဘူး။ ပန်းခင်းလမ်းကာလတိုလေးကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက်မှာ ယူနိုက်တက်ဟာ အဆင်မပြေခြင်း ဝဲဂယက်ထဲ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ နည်းပြပြောင်းတယ်။ ရလဒ်တွေဆိုးတယ်။ ဒါပေမယ့် ထူးခြားဖြစ်စဥ်ကတော့ ရိုနယ်ဒိုဆီကို ဗဟိုပြုလာတဲ့ အရာတွေပဲဖြစ်ပါတယ်။
ရိုနယ်ဒိုကို တည်ပြီးကစားနေရတာကြောင့် ယူနိုက်တက်က အဆင်မပြေခဲ့ဘူး။ ရိုနယ်ဒိုဟာ အဝတ်လဲခန်းထဲမှာ အရာရာကိုလွှမ်းမိုးချင်နေတယ်။ ရိုနယ်ဒို က သူ့ပုံစံတွေကို အသင်းဆီယူဆောင်လာတယ် စသည်ဖြင့် အသံတွေထွက်လာတယ်။ နောက်တော့ သူကိုယ်တိုင်က လူငယ်တွေအနေနဲ့သူအကြံပေးတာကို လက်မခံရင်လဲရကြောင်း ၊ သို့သော်အသင်းအတွက်အာရုံစိုက်သင့်ကြောင်းကိုပြောပြလာပါတယ်။
အခုတော့ ကွင်းထဲမှာ သူ့ကို လူမပေးတာသိသိသာသာတွေကိုပါမြင်လာရတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ သူ့မျက်နှာဟာ ယူနိုက်တက်ပရိတ်သတ်တွေကိုသာမက ဘောလုံးပရိတ်သတ်တွေကိုပါ စိတ်မကောင်းဖြစ်စေပါတယ်။ ရိုနယ်ဒို တစ်ယောက် မန်ချက်စတာယူနိုက်တက်ကို ပြန်လာခဲ့တာ ရှုံးနိမ့်မှုတွေအတွက်မဟုတ်ပါဘူး။ သူ့ဘဝရဲ့ နောက်ဆုံးကာလတွေမှာ အလင်းလက်ဆုံးတစ်ခုခုကို သူစတင်လင်းလက်ခဲ့တဲ့အသင်းနဲ့ တူတူလုပ်ပြဖို့အတွက် ပြန်ရောက်လာတာပါ။ ဒါပေမယ့် သူ့ရဲ့မျှော်လင့်ချက်တွေကဖြစ်ဦးမှာလား။ ဒါဘီပွဲမှာသူပါဝင်ခွင့်မရတဲ့နောက် ပေါ်တူဂီကိုပြန်ရောက်သွားခဲ့တယ်။ ယူနိုက်တက်ကလည်း ဂိုးပြတ်ခြေပြတ်ရှုံးခဲ့တယ်။
အခုတော့ သူ့ကို ခေါ်ခဲ့တာက အခြားရည်ရွယ်ချက်အတွက်ဖြစ်ကြောင်း ကြားသိလာရပါတယ်။ တကယ်ပဲ မန်ချက်စတာယူနိုက်တက်တို့ဟာ သူ့ကို အသုံးချခဲ့သလား။ The Last Dance ဆိုတဲ့ သိပ်ကိုလှပတဲ့ ခေါင်းစဥ်တစ်ခုအောက်ကနေ အသင်းရဲ့ အကျိုးအမြတ်ရရှိဖို့အတွက် သိပ်အသုံးချလို့ကောင်းတဲ့ Icon တစ်ခုအဖြစ် သူ့ကိုအရယူခဲ့သလားဆိုတာကတော့ Business Corporation ကြီးတွေရဲ့ အတွင်းက ကိစ္စသာဖြစ်ပါတယ်။
ရိုနယ်ဒိုအတွက်အသင်းမရှားပါဘူး။ မရှားတာမှ ထိပ်တန်းအသင်းတွေက တန်းစီနေတာမျိုးပါ။ သို့သော် သူရွေးချယ်ခဲ့တာ မန်ချက်စတာယူနိုက်တက်ကိုပါ။ အသင်းကြီးမှာကစားရင်း မှတ်တန်းတွေတင်ချင်နေရင် သူ့ကို တံခါးဖွင့်ထားတဲ့ထိပ်တန်းကလပ်တွေအများကြီးပါ။ အခုလဲ ပိုင်ရှင်သစ်နဲ့ ချဲလ်ဆီး ၊ ပြင်သစ်က ပီအက်စ်ဂျီ (မက်ဆီနဲ့တွဲကစားချင်ရင်သွားလို့ရသေးတယ်) စသည်ဖြင့် သတင်းတွေစထွက်လာပါပြီ။ ဒါပေမယ့် အသင်းပြောင်းခြင်းဟာ ရာသီအစတုန်းက အားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ The last dance ဆိုတဲ့အရာနဲ့တော့ အဝေးကြီးဖြစ်သွားခဲ့ပါပြီ။
ဘောလုံးချစ်ပရိတ်သတ်တွေအနေနဲ့ကတော့ ဒီလိုကိစ္စတွေကို ကောလာဟာလအဖြစ်သာရှိစေချင်မှာပါပဲ။ စာရေးသူအပါအဝင်ပေါ့လေ။ ဒါကြောင့် အဆိုပါယူဆချက်တွေကို ရှုံးနိမ့်နေချိန်မို့သာ ထွက်ပေါ်တဲ့သတင်းတွေဖြစ်ဖို့ ဆုတောင်းရင်း သူချစ်တဲ့ အိမ်မက်ပြဇာတ်ရုံမှာ နောက်ဆုံးကကြိုးကို လှပစွာကပြနိုင်စေဖို့သာ မျှော်လင့်ရပါတယ်။
Leave a Reply