ပေါလ်မာဆင်ကတော့ ပေပေနဲ့ပတ်သတ်ပြီးမျှော်လင့်ချက်ကြီးကြီးမထားဖို့ နဲ့ အိုဗရီကို့စ်သားဟာ မကြာခင်မှာပဲ ခြေစွမ်းပြန်ပျောက်သွားတာမျိုးဖြစ်နိုင်တယ်ဆိုပြီး သတိပေးလာခဲ့ပါတယ်။
The Star သတင်းစာနဲ့တွေ့ဆုံရာမှာ မာဆင်က ပေပေကို ပြင်းပြင်းထန်ထန်ပဲ ထောက်ပြဝေဖန်မှုတွေပြုလုပ်သွားခဲ့တာပါ။ သူ့အနေနဲ့ကတော့ ပေါင် ၇၂ သန်းတန်ကစားသမားကို အများကြီးမမျှော်လင့်ထားဘူးလို့ဆိုပါတယ်။ ပရိတ်သတ်တွေကတော့ အရေးကြီးတဲ့ပွဲစဥ်မှာ ကိုယ်တိုင်လဲတစ်ဂိုးသွင်းယူနိုင်သလို နောက်ဆုံးမိနစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာမို့ ကစားသမားအပေါ်ကို မျှော်လင့်ချက်ကြီးကြီးထားနေကြတာပါ။
မာဆင်ကဘာကြောင့်ပေပေကို အခုလိုမျိုးကွဲပြားတဲ့အမြင်ရှိနေတာပါလဲ။ Sky Sports ရဲ့ကျွမ်းကျင်သူ ဂန္တဝင်ကြီးက
“ ပေပေကို ချက်ချင်းကြီးပဲ အစွမ်းပြတော့မယ့် ဂန္တဝင်ကစားသမားတစ်ယောက်လို့ မမြင်ကြပါနဲ့ဦး။ သူက ၇၂ သန်းတန်အရံကစားသမားတစ်ယောက်ဖြစ်နေဆဲပါ။ ကစားသမားတစ်ယောက်အဖို့ လိုအပ်တာ ခြေစွမ်းတည်ငြိမ်ဖို့ပဲ။ သူ့မှာအခုထိ လိုအပ်တဲ့ တည်ငြိမ်မှုမရှိသေးပါဘူး။ ကျွန်တော့်မျက်လုံးထဲမှာသူက စွမ်းဆောင်ရည်ကောင်းတယ်လို့ပြောရခက်နေပါသေးတယ်။ ပေပေတစ်ယောက် ရုတ်တရက်အစွမ်းတွေပြပြီး လက်ကျန်ဘောလုံးရာသီကို ထိပ်တန်းပုံစံနဲ့ ကစားပြသွားမယ်ဆိုတာက ကျွန်တော့်အတွက်တော့ ယုံတမ်းတွေမျှသာပါပဲ။ မထင်ပါဘူးဗျာ “
အဲ့ဒီလိုပြောအပြီးမှာ မာဆင်က မရပ်သေးပါဘူး။
“ သူက မော်ဒန်ဘောလုံးလောကရဲ့ ဥပမာကောင်းတစ်ခုပါပဲ။ အရိုးသားဆုံးပြောမယ်ဗျာ .. အာဆင်နယ်အသင်းအတွက် ၇၂ သန်းပေးပြီး အရှုံးပေါ်သွားတဲ့ကစားသမားတစ်ယောက်ပါ။ ဘာမှပြောနေစရာကိုမလိုပါဘူး “ ဆိုပြီးပြင်းပြင်းထန်ထန်ကိုဝေဖန်သွားခဲ့တာဖြစ်ပါတယ်။
ကြည့်ရတာ အလွန်အမင်းချီးကျူးနေကြ ၊ မျှော်လင့်နေကြတဲ့သူတွေကို မြင်ပြင်းကပ်လာပုံရပါတယ်။ အမှန်တကယ်လည်း ၂၀၁၉ ခုနှစ်မှာအသင်းကိုရောက်လာကတည်းက ပေပေဟာ လုံလောက်တဲ့စွမ်းဆောင်ရည်တစ်ခုတော့ မပြထားနိုင်သေးပါဘူး။
မာဆင်ကတော့ ခြေစွမ်းမပြနိုင်တဲ့အခြေအနေကြောင့် ပေပေရဲ့တန်ကြေးက ကျဆင်းသွားပြီလို့ ယုံကြည်နေပါတယ်။
“ သူ့ကိုပြန်ရောင်းလို့ သန်း ၃၀ ရရင်ပဲ ကံကောင်းလှပါပြီ။ ပေပေတစ်ယောက် စွမ်းဆောင်ရည်ပြန်ကောင်းလာလိုက် ၊ ခြေစွမ်းပျောက်သွားလိုက်ဖြစ်နေတာကို အကြိမ်ပေါင်းများစွာမြင်ဖူးခဲ့ပါပြီ “ ဆိုပြီး ခြေစွမ်းမတည်ငြိမ်တဲ့ တောင်ပံကစားသမားကို ဝေဖန်သွားခဲ့တာပါ။
အာဖရိကဖလားပွဲကပြန်လာပြီးတဲ့နောက် မတူညီတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီလို့ ပြောထားတဲ့ အာတီတာနဲ့ အချိန်တန်ရင်ခြေစွမ်းပြန်ပျက်သွားမှာပါလို့ ယုံကြည်နေတဲ့ မာဆင် .. ဘယ်သူကမှန်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
Leave a Reply