လက်ရှိရာသီ၊ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ရပ်တည်မှုနဲ့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက်အားကောင်းနေပုံတို့ကို ကြည့်မယ်ဆိုရင် အသင်းရဲ့ မန်နေဂျာ အာတီတာရဲ့ ကြိုးစားမှုနဲ့အရည်အသွေးကို မဖြစ်မနေ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
မန်နေဂျာ လောကထဲ ၀င်ရောက်လာတာမကြာသေးသူ၊ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ပွဲထွက်လူစာရင်းကို ကိုင်တွယ်ခဲ့ရသူအနေနဲ့ အတိတ်မှာရော၊ လက်ရှိမှာပါ အမှားအယွင်းအချို့ ရှိခဲ့တာ၊ ရှိနိုင်တာတွေကတော့ မထူးဆန်းပါဘူး။ အချိန်တစ်ခုယူပြီးတဲ့နောက်မှာတော့ အာတီတာနဲ့ အသင်းသားတွေဟာ အမှားအယွင်းနည်းလာပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ခြေစွမ်းမှာ တိုးတက်လာတာကို ကျွန်တော်တို့ လက်တွေ့ တွေ့မြင်နေရပါပြီ။ ဒီထက်လည်း အသင်းဟာ အများကြီးတိုးတက်ဖို့ ရှိနေပါတယ်။
အာတီတာကို လက်ရှိအသင်းရဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဘာကြောင့် ချီးကျူးသင့်လဲဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် အကြောင်းပြချက် ၅ချက် ရှိပါတယ်။
(၁) အသက်အငယ်ဆုံးလူစာရင်းနဲ့ ချန်ပီယံလိဂ်၀င်ခွင့်နေရာက်ု စိန်ခေါ်နိုင်စွမ်းရှိခြင်း
ကျွန်တော်တို့ အသိသာဆုံး အချက်နဲ့ပဲ စလိုက်ကြတာပေါ့။ ပရီးမီးယားလိဂ် ပွဲ၂၀လောက်ပဲ အတူတူ ကစားထားတဲ့ လူငယ်အစုအဖွဲ့ဟာ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် စိန်ခေါ်နိုင်စွမ်းရှိနေတယ်ဆိုတာ တကယ်ပဲ ချီးကျူးစရာကောင်းပါတယ်။ ဒီအစုအဖွဲ့ထဲက လူငယ်ကစားသမားအချို့ဟာ အခုမှအတွေ့အကြုံတွေရှာဖွေနေဆဲဖြစ်ပြီး ကစားသမားဘ၀ ဖွံ့ ဖြိုးတိုးတက်မှုရဲ့ ပထမအဆင့်မှာသာ ရှိနေပါသေးတယ်။ ဒီလို ငယ်ရွယ်နုပျိုတဲ့အစုအဖွဲ့လေးနဲ့ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်နိုင်စွမ်း ရှိတာဟာ အာတီတာရဲ့ ပဲ့ကိုင်မှုကြောင့်ဆိုတာ အသေအချာပါပဲ။ အာတီတာရဲ့လက်အောက်မှာ လူငယ်ကစားသမားလေးတွေဟာ အတူတူ ကစားကြရင်း ပိုမိုနားလည်မှု၊ ယုံကြည်မှုတွေရှိလာပြီး ဒီထက်ပိုမိုတိုးတက်လာမှာတော့ အသေအချာပါပဲ။
(၂) မှန်ကန်တဲ့ ကစားသမားခေါ်ယူမှု
ပြီးခဲ့တဲ့နွေရာသီမှာ နည်းစနစ်ဒါရိုက်တာ အီဒူးခေါ်ယူချင်ခဲ့တဲ့ ကစားသမားတွေက နီတို(ဂိုးသမား)နဲ့ အီမာဆင်(ညာနောက်ခံလူ)တို့ ဖြစ်ပါတယ်။ အီဒူးရဲ့ ရွေးချယ်မှုကို အာတီတာက ငြင်းဆန်ခဲ့ပြီး ရမ်ဒေးလ်နဲ့ တိုမီယာဆုတို့ကိုခေါ်ယူစေခဲ့ပါတယ်
ဘန်ဝှိုက်၊ လိုကွန်ဂါ၊ တာဗာရက်စ်နဲ့ အိုဒီဂတ်တို့က်ု ခေါ်ယူခဲ့တာကလည်း အသင်းအတွက် သိပ်ကို အကျိုးရှိခဲ့တဲ့ ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။ တာဗာရက်စ်နဲ့ လိုကွန်ဂါတို့က လက်ရှိမှာ အသင်းရဲ့ အရန်ထိုင်ခုံမှာပဲ ထိုင်နေရချိန်များပေမယ့် တစ်ချိန်မှာတော့ အသင်းမှာ နေရာရလာမယ့်ကစားသမားတွေဖြစ်ပါတယ်။ ရမ်ဒေးလ်၊တိုမီယာဆု၊ဘန်ဝှိုက်နဲ့ အိုဒီဂတ်တို့ကတော့ အသင်းအတွက် မရှိမဖြစ်ကစားသမားတွေပဲဖြစ်ပြီး ဒီလို အရည်အသွေးမြင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အာတီတာရဲ့ အရည်အသွေးကို တကယ်ပဲ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
(၃)Trust The Process
ဒီစကားစုလေးဟာ အာဆင်နယ်ပရိသတ်အများစုနဲ့ မစိမ်းနိုင်ပါဘူး။ အာတီတာရဲ့ ကစားကွက်၊ဗျူဟာ၊ဖလော်ဆိုဖီတွေနဲ့ပတ်သက်ပြီး ကစားသမားတွေက အံ၀င်အောင်ကစားနိုင်ပါ့မလား၊ ဒီနည်းစနစ်တွေကကော အသင်းကို တကယ်ပဲ တိုးတက်စေမလားဆိုတာကို ကျွန်တော်တို့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေခဲ့ရပါတယ်။ အခုချိန်မှာတော့ Processကို ယုံကြည်ခဲ့တဲ့ အတွက်၊ အာတီတာကို ယုံကြည်ခဲ့တဲ့ အကျိုးကျေးဇူးတွေကို လက်တွေ့ခံစားနေရပါပြီ။ ကျွန်တော်တို့လိုအပ်နေခဲ့တာ ယုံကြည်မှုပဲ ဖြစ်သလို ဒီလိုယုံကြည်မှုနဲ့ ထိုက်တန်တဲ့ အသီးအပွင့်၊အကျိုးအမြတ်ကိုလည်း ကျွန်တော်တို့ ခံစားနေရပြီမလား။
Trust the process ပါပဲ ..
(၄) ခံစစ်ပိုင်း ကောင်းမွန်လာခြင်း
အာတီတာရဲ့ လက်ထက်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုကတော့ အသင်းရဲ့ ခံစစ်ပိုင်း ပိုမို ကောင်းမွန်လာခြင်းပါပဲ။ အသင်းရဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့အတွက် ကစားသမားတွေကို မြင့်မားတဲ့ တန်ဖိုး တစ်ခုနဲ့ ပေးခေါ်ခဲ့ရတာ မှန်ပေမယ့် ကုန်ခဲ့တဲ့ ပိုက်ဆံတွေဟာ အလကားမဖြစ်ခဲ့ပါဘူး။ လက်ရှိအသင်းရဲ့ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခံစစ်တွေထဲက တစ်ခုလို့ ဆိုနိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။
ဒီလို ခံစစ်ပိုမို ကောင်းမွန်လာရတာကလည်း အရည်အသွေးမြင့် ကစားသမားတွေကြောင့် သက်သက်သာမဟုတ်ပဲ အာတီတာရဲ့ အသင်းကို နေရာယူစေပုံတွေကြောင့်လည်း ပါပါတယ်။နောက်တန်းကနေ ရှေ့တန်းအထိ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ဘယ်လိုနေရာယူမလဲ၊ ဘောလုံးဆုံးရှုံးထားရတဲ့အချိန်မှာ ဘယ်လိုနေရာယူမလဲဆိုတဲ့နေရာတွေမှာ အသင်းဟာ ပိုပြီး ကောင်းမွန်လာပါတယ်။
လက်ရှိမှာ ဂိုးမပေးရတဲ့ ပွဲစဉ်တွေလည်း ၁၁ပွဲအထိ ပိုင်ဆိုင်ထားပါတယ်။
(၅) အသင်းနဲ့ပရိသတ်ကြားဆက်ဆံရေး ပိုမိုတိုးတက်လာမှု
ဒီနှစ်မှာ ထင်သာမြင်သာ ရှိတဲ့ အချက်တစ်ခုကတော့ ပရိသတ်တွေနဲ့ အသင်းကြားမှာ အရင်ကထက် ပိုပြီးခိုင်မာတဲ့ ဆက်နွယ်မှု တစ်ခုရှိလာတာပါပဲ။ အိမ်ကွင်းပွဲစဉ်တွေမှာဆို အသင်းရှုံးနိမ့်နေချိန်မှာတောင် ပွဲပြီးဆုံးခါနီးအချိန်တွေအထိ ပရိသတ်တွေဟာ အားမာန်အပြည့်နဲ့ အားပေးနေဆဲပါပဲ။မနှစ်က ကိုဗစ်ရောဂါကပ်ဘေးကြောင့် ပရိသတ်တွေနဲ့ အသင်းနဲ့ကြားမှာ ဝေးကွာခဲ့ရပြီး ရလဒ်တွေလည်း မကောင်းဖြစ်ခဲ့ရပါတယ်။
ဒီနှစ်မှာတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေနဲ့ အတူ အိမ်ကွင်းရလဒ်ကောင်းတွေလည်း ရယူထားနိုင်ခဲ့ပြီး အသင်းသားတွေကလည်း ပရိသတ်တွေပေးတဲ့ ခွန်အားတွေနဲ့ နောက်ဆုံးမိနစ်တွေအထိ ပေးဆပ်ကစားနေကြတာကို ဝူဗာဟန်တန်နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။
ရာသီအစမှာ ဘန်ဝှိုက်၊ ရမ်ဒေးလ်တို့လို ပုံရိပ်အားနည်းတဲ့ လူငယ်ကစားသမားတွေကို တန်ဖိုးကြီးပေးခေါ်မှု၊ဥရောပ၀င်ခွင့် ဝေးကွာမှုတွေဟာ ပရ်သတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အခုချိန်မှာတော့ အာတီတာနဲ့ သူ့ရဲ့လူငယ်လေးတွေသာ ပရိသတ်ရဲ့ အသိအမှတ်ပြုမှု၊အားပေးမှုနဲ့ ယုံကြည်မှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားတွေဆိုတာ သက်သေပြပြီး ဖြစ်သလို ပရိသတ်တွေကလည်း ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲရဲ့ နောက်ဆုံးမိနစ်တွေအထိ အားပေးသွားဖို့ ရှိနေပါတယ်။ ဒါဟာ အာတီတာရဲ့ ကြိုးစားမှုနဲ့အတူ ရလာခဲ့တဲ့ အကျိုးအမြတ်တစ်ခုပါပဲ။
Leave a Reply