အသင်းနဲ့ ပရိသတ်တွေကြားမှာ ဆက်ဆံရေးတွေပိုပြီး တိုးတက်စပြုလာချိန် ၊ အိမ်ကွင်းအမ်းမရိတ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ရလဒ်တွေကောင်းမွန်နေချိန် ၊ အကယ်ဒမီထွက်ကစားသမားလေးတွေနဲ့အတူ မျိုးဆက်သစ်တစ်ခုအတွက် အိမ်မက်တွေစမက်နေချိန်မှာ အခုလိုမျိုး တစ်ရာသီစာ ပွဲကြည့်ခွင့် လက်မှတ်နဲ့ တစ်ပွဲစာလက်မှတ်တွေ ဈေးတက်မယ်ဆိုတဲ့ သတင်းကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် စံချိန်တင်အရှုံးပေါ်ခဲ့တဲ့ နှစ်တစ်နှစ်အလွန်မှာတော့ ကုစားမှုတစ်ခုအဖြစ် အာဆင်နယ်တာဝန်ရှိသူတွေက လုပ်ဆောင်လိုက်ပုံရပါတယ်။ အမြဲတန်းအမြတ်ရနေတဲ့အသင်းတစ်သင်းဟာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြောင့် ၁၀၇.၃ သန်းအထိအရှုံးပေါ်ခဲ့တာဖြစ်ပါတယ်။
အိမ်ကွင်းဟောင်း ဟိုက်ဘူရီကနေ အမ်းမရိတ်ကို စတင်ပြောင်းရွှေ့လာခဲ့ကတည်းက အသင်းရဲ့လက်မှတ်နှုန်းထားတွေဟာ မြင့်တက်လာခဲ့ပြီး လက်ရှိပရီးမီးယားလိဂ်ဟာ အာဆင်နယ်အသင်းဟာ ပွဲကြည်ခွင့်လက်မှတ်ဈေးအကြီးဆုံး အသင်းဖြစ်နေပါတယ်။၂၀၂၂-၂၃ဘောလုံးရာသီမှာတော့ လက်ရှိလက်မှတ်နှုန်း ၄% ထပ်မံမြင့်တက်ဖို့ ရှိနေပါတယ်။
ဒီလို ပွဲကြည့်ခွင့် လက်မှတ်ခတွေကို ပိုမိုကောက်ခံလာမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အာဆင်နယ်က ခုလိုပဲ ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။
“၇ရာသီဆက်တိုက် တူညီတဲ့ လက်မှတ်နှုန်းထားတွေနဲ့ ရောက်ချခဲ့ပြီးတဲ့နောက် တစ်ရာသီစာ ပွဲကြည့်ခွင့်လက်မှတ်နဲ့ တစ်ပွဲစာကြည့်ခွင့်လက်မှတ်တွေအားလုံး ၄% ဈေးတိုးမြှင့်ဖို့ ရှိပါတယ်”
အမ်းမရိတ်ကို ပြုပြင်အဆင့်မြင့်စရာ တွေရှိတဲ့အတွက်အခုလိုမျိုး လက်မှတ်ခ တိုးမြင့်ရတာ ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူနဲ့ ချခဲ့ရတာ မဟုတ်ပါဘူးလို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပရိသတ်တွေအနေနဲ့ကြိုဆိုနေမှာ မဟုတ်ဘူးဆိုတာ သိရှိထားပြီး ဒီလိုမျိုး လက်မှတ်ခတွေတိုးမြှင့်ကောက်ခံပြီးတဲ့နောက်မှာ ပရိသတ်တွေအတွက် ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေ ရမယ်လို့လည်း ဆိုထားပါတယ်။
ကိုဗစ်ကူးစက်ရောဂါဘေးနဲ့ ဥရောပ၀င်ခွင့် မရရှိခြင်းတွေကြောင့် အသင်းရဲ့၀င်ငွေဆုံးရှုံးမှုတွေကြောင့် ခုလို တိုးကောက်ရတယ် ဆိုတဲ့ ဆင်ခြေကို ဘယ်သူမှ သဘောကျမှာ မဟုတ်ပါဘူး။ ပရိသတ်တွေဟာလည်း ကမ္ဘာ့ကပ်ဘေးရဲ့ ဒဏ်က နေ ပြေးလွတ်ခဲ့တာမဟုတ်တာကြောင့်ဘယ်သူမှ အဆင်ပြေနေကြတာ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။
အခုလို လက်မှတ်ခတွေတိုးမြှင့်ကောက်ခံလို့ အာဆင်နယ်အသင်းပိုရလာမယ့် ပိုက်ဆံကလည်း ပေါင်၃.၈သန်းတည်းသာ ဖြစ်ပါတယ်။ ဒီပိုက်ဆံပမာဏဟာ ကလပ်အသင်းတစ်သင်းအတွက်တော့ ဘာမှပြောပလောက်တဲ့ ငွေကြေးပမာဏမဟုတ်ပဲ ဘိုင်ယန်မြူးနစ် ဥက္ကဌပြောသလိုပါပဲ။ လက်မှတ်ခတွေ ဈေးတင်လိုက်လို့ ပိုရလာတဲ့ ပေါင်၁သန်း၂သန်းဆိုတာက ကစားသမားအပြောင်းအရွှေ့တစ်ခုမှာ ညှိုနှိုင်းရင်း အပိုအလိုဖြစ်သွားနိုင်တဲ့ ငွေကြေး ပမာဏတောင် မရှိဘူးဆိုသလိုပါပဲ။ ပေါင်၃သန်းကျော် ၄သန်းနီးပါးလောက် ပိုရလိုက်ရုံနဲ့တော့ အသင်းဟာ ဘာအကျိုးအမြတ် ကြီးကြီးမားမားမှ မရနိုင်ပါဘူး။
အာဆင်နယ်အနေနဲ့ ပေါင်၃.၈သန်းအတွက်နဲ့ ပရိသတ်တွေရဲ့ အမျက်ဒေါသကို ခံယူပြီး လက်ရှိ အသင်းနဲ့ ပရိသတ်တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေးကို တကယ်ပဲ ဖျက်စီးတော့မှာလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဒီနေရာမှာထည့်ပြီးစဥ်းစားရမှာက ကရွန်ကီမိသားစုရဲ့ အားကစားစီးပွားရေးကျွမ်းကျင်မှုဖြစ်ပါတယ်။ အဂ်လန်မြေဟာ မတူကွဲပြားတယ်ဆိုပေမယ့်လည်း အသင်းအပေါ်ချစ်မြတ်နိုးစိတ် ၊ ရလဒ်ကောင်းတွေလိုချင်စိတ် စတာတွေကို အခြေခံတဲ့လူ့သဘောက အတူတူပဲဖြစ်ပါတယ်။ အသင်းအောင်မြင်မှုတွေရဖို့ ၊ အသင်းပုံရိပ်ကောင်းဖို့လုပ်ဆောင်နိုင်မှသာ ဝင်ငွေတိုးတက်လာမယ်ဆိုတာကို KSE Group က ကောင်းကောင်းနားလည်ထားပါတယ်။
ဒီတော့ လာမယ့်နှစ်တွေမှာ အာဆင်နယ်အနေနဲ့ ပရိတ်သတ်ကိုအလိုလိုက်တာမျိုးတွေ ၊ အသဲနှလုံးကိုထိစေမယ့် လုပ်ရပ်တွေကို သူတို့လုပ်ပြပါလိမ့်မယ်။ ကမ္ဘာအနှံ့စျေးကွက်ဖြန့်ကျက်ဖို့ကိုလည်း သူတို့တွေပိုပြီးလုပ်ဆောင်လာပါလိမ့်မယ်။ ဘယ်ပုံဘယ်နည်းနဲ့လုပ်မယ်ဆိုတာကတော့ စောင့်ကြည့်ရမှာသာဖြစ်ပါတယ်။
Leave a Reply