သမိုင်းဝင်ပွဲစဥ်တစ်ပွဲ (Liverpool vs Arsenal 1989)

၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာ မန်စီးတီးနဲ့မန်ယူတို့ရဲ့ ‌နောက်ဆုံးပွဲနောက်ဆုံးမိနစ်တွေအထိ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲ၀င်ခဲ့ကြတာကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ မန်စီးတီးဟာ အချိန်ပိုသွင်းဂိုးတွေနဲ့ ကျူပီအာကိုအနိုင်ယူပြီး ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်ယူကို ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်ကာ  နောက်ဆုံး ၄၄နှစ်အတွင်း အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့တာဟာ ‌ဘောလုံးပရိသတ်တွေအတွက်တော့ အမှတ်ရစရာပါပဲ။ ထိုပွဲစဥ်ကဲ့သို့အကြိတ်အနယ်ရှိတဲ့ သမိုင်းဝင်

ပရီးမီးယားလိဂ် ချန်ပီယံလုပွဲစဥ်တစ်ပွဲဟာ ၁၉၈၉ခုနစ်မှာ ကစားခဲ့ကြပါတယ်။ ၁၉၈၈-၈၉ ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်မှာ အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေကြပြီး ဒီပွဲစဉ်ဟာ သူတို့နှစ်သင်းထဲက ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ပါပဲ။ 

ဒီပွဲစဉ်ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျင်းပခဲ့ရမှာ ဖြစ်ပေမယ့် လီဗာပူးလ်ပရိသတ်၉၇ယောက်သေဆုံးခဲ့တဲ့ အန်ဖီးလ်ကွင်းရဲ့ ဟေးဘရော့ဒ်ပွဲကြည့်စင် ပြိုကျခြင်း ဖြစ်ရပ်ဆိုးကြောင့် လေးစားမှုနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး မေလ ၂၆ရက်နေ့မှသာယှဉ်ပြိုင်ခဲ့တာ ဖြစ်ကြတယ်။ ဒီပွဲစဉ်မတိုင်မီမှာ လီဗာပူးလ်ဟာ FA ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

ပွဲစဉ် ၃၇ပွဲ အပြီးမှာ လီဗာပူးလ်က ၇၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာ၊ အာဆင်နယ်က ရမှတ် ၇၃မှတ်နဲ့ အဆင့်နှစ်နေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။ ဒီပွဲစဉ်ကို သရေ၊ ဒါမှမဟုတ် ၀-၁၊ ၁-၂ စတဲ့ ၁ဂိုးအကွာနဲ့ ရှုံးနိမ့်ခဲ့ရင်တောင် လီဗာပူးလ်က ချန်ပီယံဖြစ်သွားတော့မှာပါ။ အာဆင်နယ်ကတော့ လီဗာပူးလ်ကို အနည်းဆုံး နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ရင် ကြိုးကြာနီတွေနဲ့ ဂိုးကွာခြားချက်အတူတူဖြစ်သွားမှာ ဖြစ်ပြီး သွင်းဂိုးပိုးများတယ်ဆိုတဲ့ အချက်နဲ့ ချန်ပီယံဖြစ်နိုင်မှာပါ။ 

အဲ့ဒီအချိန်က လီဗာပူးလ်ရဲ့ အန်ဖီးကွင်း စွမ်းဆောင်ရည်တွေက အထူးကောင်းမွန်နေခဲ့ပြီး နောက်ဆုံးသုံးနှစ်အတွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခြင်း လုံး၀မရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းကတော့ အန်ဖီးမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်၁၅ပွဲမှာ ၁ပွဲမှ အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် ပွဲစဉ်မတိုင်မီမှာ လီဗာပူးလ်အသင်းသာ သေချာပေါက်အနိုင်ရမယ်လို့ အားလုံးက ထင်ကြေးပေးနေကြပါတယ်။  

ရှေ့ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းက ဒါဘီကောင်တီကို ရှုံး၊ ၀င်ဘယ်ဒန်နဲ့ သရေကျခဲ့ပြီး လီဗာပူးလ်ကတော့ အာဆင်နယ်ရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူကာ QPR၊၀က်စ်ဟမ်းတို့ကို အနိုင်ယူပြီး အမြှောက်တပ်သားတွေဆီကနေ အဆင့်တစ်နေရာကို လုယူခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒီအချိန်တုန်းက အာဆင်နယ်အသင်းရဲ့မန်နေဂျာက ဂျော့ဂရေဟမ်၊အသင်းခေါင်းဆောင်ကတော့ အသင်းရဲ့ အကယ်ဒမီထွက် တိုနီအဒမ်ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကိုတော့ မန်နေဂျာ၊ကစားသမားအဖြစ်နဲ့ ကင်နီဒဲဂလစ်ရှ်က ဦးဆောင်နေခဲ့ပါတယ်။ 

၀င်ဘယ်လ်ဒမ်ကို သရေကျခဲ့ပြီးတဲ့နောက် ဂျော့ဂရေဟမ်ဟာ အသင်းသားတွေကို နှစ်ရက်အနားပေးခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း သက်သက်သာသာနဲ့ပဲ လေ့ကျင့်စေခဲ့ပါတယ်။ ဂျော့ဂရေဟမ်ရဲ့ လုပ်ရပ်တွေက်ု အားလုံးက အံ့ဩခဲ့ကြပြီး အာဆင်နယ်အနေနဲ့ လီဗာပူးလ်ကို ကျော်ဖြတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ တွေးထင်ခဲ့ကြပါတယ်။ 

လီဗာပူးလ်မြို့ကို သွားတဲ့ခရီးမှာ ဂျော့ဂရေဟမ်က အသင်းသားတွေရဲ့ စိတ်ဓာတ်တက်ကြွအောင် ၁၉၇၀-၇၁ဘောလုံးရာသီမှာ အာဆင်နယ် အောင်မြင်မှုရခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ 

ပထမပိုင်းမှာတော့ နှစ်သင်းစလုံးဟာ ဘောလုံးအပျက်များခဲ့ပြီး ကစားကွက် မတည်ဆောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သွင်းဂိုးတွေကိုလည်း မမြင်တွေ့ ခဲ့ရပဲ အာဆင်နယ်အတွက်တော့ လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရယူနိုင်ဖို့ ဒုတိယပိုင်း ၄၅မိနစ်သာ ကျန်ရှိပါတော့တဲ့အခြေအနေကိုရောက်ရှိခဲ့ပါတော့တယ်။ 

ဒုတိယပိုင်းစပြီး ရှစ်မိနစ်အကြာမှာတော့ အာဆင်နယ်ဟာ ဦးဆောင်ဂိုးစရခဲ့ပြီး ဝှိုက်ဘန်းရဲ့ ဖရီးကစ်ကနေ အလန်စမစ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ အဆိုပါဂိုးကလဲ သူ့ခေတ်သူ့ အခါက စည်းမျဥ်းစည်းကမ်းတွေကြောင့် အကြိမ်ကြိမ်ပြန်လည်စစ်ဆေးပြီးမှဂိုးရခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရခဲ့ပြီးတဲ့နောက် အာဆင်နယ်က ပိုပြီးတိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ 

ဒီလိုနဲ့ မိနစ်ကိုးဆယ်ကုန်သွားခဲ့ပြီး အချိန်ပိုမိနစ် အနည်းငယ်သာ ကျန်ရှိတော့ချိန်မှာ အာဆင်နယ်ကစားသမား ကီဗင်ရစ်ချတ်ဆန်က ဒဏ်ရာရသွားတာကြောင့် ပွဲကို ခေတ္တရပ်ထားခဲ့ရပါတယ်။လီဗာပူးလ်ကစားသမားတွေက အချိန်ပိုတစ်မိနစ်ပဲ ကျန်တော့တယ်လို့ အချင်းချင်းပြောနေကြပြီး သူတို့ ချန်ပီယံဖြစ်တော့မယ်လို့ ယုံကြည်နေကြပါပြီ။ ဒီလိုနဲ့ အချိန်ပို ဒုတိယမိနစ်မှာတော့ အာဆင်နယ်ဟာ သူတို့ရဲ့ နောက်ဆုံးတိုက်စစ်ကို စတင်လာခဲ့ပါတယ်။ 

ရစ်ချတ်ဆန်က လီဗာပူးလ်ကစားသမားဆီက ဘောလုံးကို လုယူပြီး ဂိုးသမား ဂျွန်လူးကစ်ဆီကို ပေးလိုက်ပါတယ်။ဂျွန်လူးကစ်က ဒစ်ဆွန်ဆီကို ဘောလုံးပေးလိုက်ပြီး ဒစ်ဆွန်ကနေ ၊ အလန်စမစ်၊ အလန်စမစ်ဆီက သောမတ်စ်ဆီကို ဘောလုံးက အဆင့်ဆင့်ရောက်သွားခဲ့ပါတယ်။ သောမတ်စ် ပင်နယ်တီဧရိယာဆီကို ဘောလုံးကို ဆွဲပြေးရာကနေ တစ်ဆင့် ဂရော့ဘီလားဆီကိုဘောလုံးရောက်သွားခဲ့ပါတယ်။ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်သွင်းယူခဲ့တဲ့ သူ့ရဲ့ ကန်ချက်ဟာ အာဆင်နယ်ကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။ 

ပွဲပြီးဆုံးဖို့ စက္ကန့်ပိုင်းသာ ကျန်ရှိချိန်မှာတော့ လီဗာပူးလ်ဟာ နောက်ဆုံးတိုက်စစ်ပြန်ဖွင့်ဖို့ ကြိုးစားခဲ့သေးပေမယ့် အာဆင်နယ်ကစားသမားတွေက ဟန့်တားနိုင်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ ရမှတ်အတူ၊ ဂိုးကွာခြားချက်အတူ၊သွင်းဂိုးပိုများခဲ့တယ်ဆိုတဲ့ အချက်နဲ့ အမှတ်ပေးပြိုင်ပွဲချန်ပီယံဖြစ်လာခဲ့ပါတယ်။ 

ဒီပွဲစဉ်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ချန်ပီယံလုပွဲတွေထဲက တစ်ပွဲအဖြစ် ယနေ့တိုင် မှတ်တမ်း၀င်နေပါတယ်။ Goal သတင်းစာကလည်း ခေတ်သစ်ဘောလုံးရဲ့ ပြယုဂ်တစ်ခုလို့ သူ့အချိန်အခါတုန်းက တင်စားရေးသားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: