အာဆင်နယ်ရဲ့စျေးအကြီးဆုံးကစားသမားပေပေကတော့ ဝုဗ်နဲ့ပွဲမှာ ရသလောက်မိနစ်လေးအတွင်း ခြေစွမ်းပြသွားခဲ့ပါတယ်။ အာဆင်နယ်ရဲ့ အိမ်မက်နဲ့အသဲနှလုံးကို ကိုင်လှုပ်လိုက်တဲ့ စွမ်းဆောင်မှုတွေနဲ့ပေါ့။ဒီတောင်ပံကစားသမားက အာတီတာ ဒီရာသီမှာ ရွေးချယ်ထားတဲ့သူတော့မဟုတ်ခဲ့ပါဘူး။ အောက်တိုဘာလမှာ အသင်းအတွက်ကစားပေးပြီးတဲ့နောက် AFCON ဆီကိုရောက်သွားခဲ့တာပါပဲ။ ဒါပေမယ့် ကင်မရွန်းကနေ နိုင်ငံပွဲတွေကစားပြီး ပြန်အလာမှာတော့ အာတီတာကိုယ်တိုင်ဖွင့်ပြောယူရတဲ့အထိ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ သူကိုယ်တိုင်လဲ အကောင်းဆုံးတွေလုပ်ပြဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။
ဝုဗ်နဲ့ပွဲအပြီးမှာတော့ ပေပေနဲ့ပတ်သတ်ပြီး အာတီတာရဲ့မှတ်ချက်က အခုလိုပဲဖြစ်ပါတယ်။
“ မတူညီတဲ့နီကိုးကို မြင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောခဲ့ပြီးသားပါဗျာ။ သူ့ရဲ့ စွမ်းအားတွေ ၊ ပျော်ရွင်နေပုံတွေ ၊ တကွင်းလုံးလိုက်ကစားပေးတာတွေ၊ သူဘယ်လိုလေ့ကျင့်တယ် ဆိုတာတွေ .. ဒီလိုနဲ နီကိုးက သူ့ကို ထည့်ကစားစေဖို့ ကျွန်တော့်စိတ်ကိုဆွဲဆောင်တော့တာပါပဲ “ လို့အသင်းအပေါ်အထောက်အကူပေးမှုကို ပြောဆိုလာတာပါ။
ပေပေအတွက်အခွင့်အရေးကောင်းတွေက အာဆင်နယ်တို့ ၀ – ၁ နဲ့ရှုံးနိမ့်နေချိန်မှာရောက်ရှိလာပါတယ်။ မိနစ် ၂၀ အတွင်းမှာပဲ အခြေအနေတွေကို ပေပေက လှန်ချခဲ့ပါတယ်။ အကုန်ကြောက်သွားရလောက်တဲ့အစွမ်းတွေနဲ့ ဝုဗ်အသင်းကိုမြေလှန်လိုက်တော့တာပါပဲ။ သိပ်လှပတဲ့ ခန္တာကိုယ်လှုပ်ရှားမှုဟာ အာဆင်နယ်အသင်းကို ချေပဂိုးဖြစ်စေခဲ့ပါတယ်။ အဲ့ဒီနောက်တော့ အာဆင်နယ်အတွက် ထိပ်ဆုံးလေးသင်းအိမ်မက်ဟာ ခိုင်ခိုင်မာမာဖြစ်ပေါ်စေတော့တာပါပဲ။
အာတီတာကတော့ သိပ်ကိုကျေနပ်နေပုံပါပဲ။ အာဆင်နယ်ပရိတ်သတ်တွေလဲတူတူပဲဖြစ်ကြမှာပါ။
“ သူက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ အသင်းအတွက်အခုလိုမျိုးကောင်းကောင်းကစားပေးနိုင်ပြီဆိုရင် ပွဲထဲမှာ ကစားရမယ့်အချိန်တွေပိုများလာမှာပါပဲ။ မိနစ်များများကစားခွင့်ရလေလေ ၊ ပိုပိုလေ့ကျင့်ပြီး ကောင်းကောင်းလုပ်ပြနိုင်ဖို့လိုလေပါပဲ။ ပေပေကအဲ့လို စွမ်းဆောင်နိုင်သူဆိုတာ ကျွန်တော်အသေအချာသိပါတယ် “
ဒါပေမယ့်မေးခွန်းတစ်ခုကတော့ ပေပေက တကယ်ရော ပွဲထွက်ခွင့်ရလာမှာလား။ စမစ်ရိုးတစ်ယောက်အရံခုံမှာပဲရှိနေမယ်ဆိုရင် သူကစားခွင့်ရမှာလား။ ဒါမှမဟုတ်ဘယ်သူ့နေရာကနေ ကစားမှာလဲ။ ပေပေမပါတဲ့ ပထမ ၁၁ ယောက်နဲ့အသားကျနေတဲ့ အာတီတာက ဘယ်သူ့ကိုချန်ပြီးသူ့ကိုသုံးမှာလဲ။ လာကာဇက်များလား? ဒါမှမဟုတ် တစ်ယောက်ယောက်ဒဏ်ရာရတာကို ပေပေကထပ်စောင့်ရဥိးမှာလား။ ဒီမေးခွန်းတွေကို အနီးဆုံးပွဲမှာ အာတီတာဖြေဖို့ ကျွန်တော်တို့ ချန်ထားလိုက်ရအောင်ပါ။ သေချာတာကတော့ ဒီလိုမေးခွန်းဟာ အာဆင်နယ်အတွက်သိပ်ကိုလိုအပ်လှပါတယ်။
Leave a Reply